ကျိုက်မရောတွင် သုံးဘီးဆိုင်ကယ် မောင်းနှင်စီးနင်းလာစဉ် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံး

0
114
Photo – Social Media

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအုပ်စု မရမ်းကုန်းရွာအဝင်လမ်းဝတွင် သုံးဘီးဆိုင်ကယ် မောင်းနှင်စီးနင်းလာစဉ် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က လယ်တောမှ ပြန်လာသည့် မရမ်းကုန်းဒေသခံ လင်မယားနှစ်ဦး မရမ်းကုန်းရွာထိပ်အဝင်လမ်းရှိ ကုန်းပေါ်သို့ သုံးဘီးဆိုင်ကယ်ဖြင့် စီးနင်းတွန်းတက်လာစဉ် မြေမြှုပ်မိုင်းနင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားဖြစ်သူ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးမှာပင် သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူက လက်တွင် ဒဏ်ရာအနည်းငယ်ရရှိပြီး မစိုးရိမ်ရကြောင်း သိရသည်။

မရမ်းကုန်းရွာခံတစ်ဦးက “သူက လယ်လုပ်တဲ့သူ၊ ဒီချိန်ဆို စပါးတွေကို မြေဩဇာကြဲတဲ့အချိန်ဆိုတော့ လင်မယားနှစ်ယောက် သွားကြဲပြီး သုံးဘီးနဲ့ အိမ်ပြန်လာတဲ့အချိန်မှာပေါ့၊ သူကလူကြီးဆိုတော့ ကုန်လမ်းမှာ ဆိုင်ကယ်ကို ဂီယာမလျှော့ဘဲ ခြေထောက်တဖက်နဲ့ တွန်းတဲ့အချိန်မှာ နင်းမိတော့ ပေါက်ကွဲသွားတယ်။ ထိတော့ ဆေးရုံကိုပို့တယ် သွေးထွက်များတော့ ဆေးရုံမရောက်ဘဲ လမ်းမှာသေသွားတယ်” ဟု ပြောသည်။

ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနှင့် အတ္ထရံတံတား လုံခြုံရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်ခန့်ကစပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစပြီး အဆိုပါမရမ်းကုန်းရွာအဝင် လမ်းထိပ်တွင် စစ်လက်နက်အကြွင်းအကျန် များစွာကျန်ရှိနေပြီး လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ၅ ကြိမ် ထက်မနည်းရှိခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဒေသခံတွေက ကြောက်နေတာကြာပြီ၊ တာဝန်ယူပေးတဲ့သူတွေ မရှိဘူး။ ကိုယ်ထိရင်ကိုယ်ခံ အဲလိုဖြစ်နေတယ်။ ဒီမိုင်းတွေက တိုက်ပွဲတွေကြောင့်ကျန်နေတယ်။ မရမ်းကုန်းကျေးရွာက ကရင်စုနဲ့ ချောင်းနှစ်ခွကျေးရွာ စစ်တပ်တွေရဲ့ စခန်းအကြားမှာ ရှိနေတယ်လေ။ အဲကြောင့်ဖြစ်နိုင်ရင် ရှင်းလင်းစေချင်တယ်” ဟု အထက်ပါ မရမ်းကုန်းရွာခံက ဆက်ပြောသည်။

လက်ရှိတွင် ဒေသတွင်းတိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားခြင်းနှင့် စစ်လက်နက်ပစ္စည်းအန္တရာယ်ကြောင့် ချောင်းနှစ်ခွ ဒေသခံအများစုမှာ နေရပ်မပြန်ရဲကြသေးကြောင်း သိရသည်။

နိုင်ငံတဝှမ်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၇၀၀ နီးပါးအထိရှိနေကြောင်း UNICEF က ဖော်ပြထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here