မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများမှာ နှစ်လတာ ကြာလာသည့်အထိ မိမိတို့နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာလျက် ရှိသည့်အပြင် လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာ အနီးနားတဝိုက်တွင် စစ်ကောင်စီတပ်များ ဝင်ရောက် တပ်စွဲထားခြင်းကြောင့် ဒေသခံများ နေရန်မပြန်ရဲကြခြင်း ဖြစ်သည်။
ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာခံတစ်ဦးက “ရွာမှာ စစ်သားတွေ ရှိနေတော့ အိမ်မပြန်ရဲသေးဘူး။ ပြန်ရင်လည်း အိမ်မှာပဲပေးနေတာ အပြင်ပေးမထွက်ဘူး။ အိမ်မှာကလည်း သူတို့(စစ်တပ်) တွေက တွင်းတွေ (ဗုံးခိုကျင်း) အများကြီး တူးထားတယ်။ အိမ်ရောက်ရင်လည်း မလုံခြုံဘူးလေ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွရဲစခန်းနှင့် တံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးနားက ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။
ဒေသခံအများစုသည် နီးစပ်ရာဘုန်းကြီးကျောင်းများ၌ ဖွင့်လှစ်ထားသည့် စခန်းများတွင် ခိုလှုံနေကြရပြီး တချို့ကလည်း နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံ ပြောင်းရွှေ့နေထိုင်နေကြသည်။
အချိန်ကာလ ကြာလာသည့်အတွက် စစ်ရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီလိုအပ်လာကြောင်း စစ်ရှောင်များထံမှ သိရသည်။
“အဒေါ်တို့က ဆွေမျိုးအိမ်မှာပဲဆိုတော့ အိမ်ငှားခ မပေးရဘူး။ ဒါပေမဲ့လည်း စားသောက်ကုန်စျေးနှုန်းတွေက အဆမတန် မြင့်နေတော့ အခက်အခဲက ရှိမှာပဲလေ။ ၂ လတောင် ပြည့်တော့မယ်။ အိမ်ပြန်ရမယ့်ရက်က မသိသေးဘူး။ ချေးငှားပြီး အဆင်ပြေသလို နေနေရတာပေါ့။ အိမ်ပြန်ရလို့ အလုပ်ပြန်လုပ်ရရင် ပြန်ဆပ်ရမှာပေါ့” ဟု တောင်ကလေးကျေးရွာခံတစ်ဦးက ပြောဆိုသည်။
ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေသည့်အတွက် တိုက်ပွဲများ ထပ်မံပြင်းထန် လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကော့ပနော အပါဝင် ကျေးရွာ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု စစ်ရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။