KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေးနယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာနှင့် ကရဝေးဆိပ် ကျေးရွာများအတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်အပြင် လက်နက်ကြီးဖြင့် ၃ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။
မေလ ၁၀ ရက်နေ့မှ စ၍ မေလ ၁၂ ရက်နေ့အထိ ကော်သူးလေးအုပ်ချုပ်နယ်မြေ၊ ဝင်းကံကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် အလူးကျေးရွာအုပ်စု ကရဝေးဆိပ်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းရုံး KNU က ထုတ်ပြန်ခဲ့သည်။
မေလ ၁၂ ရက် နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၃ လုံး ထပ်မံကြဲချခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ဝင်ကံဒေသခံတစ်ဦးက “တိုက်ပွဲလဲမရှိဘဲနဲ့ ဗုံးလာကြဲသွားတာ နေအိမ်တွေလဲ အများကြီးပျက်စီးပြီး မီးလောင်သွားတယ်။ ပြီးတော့ ဒဏ်ရာက နှစ်ယောက်လားမသိဘူး ထိသွားတယ်။ ဒီနေ့ နေ့လယ်တုန်းကလဲ ထပ်ကြဲတယ် ၃ လုံး၊ ဘယ်သူအိမ် ထပ်ထိလဲ၊ ဘယ်နေရာကျလဲတော့ မသိသေးဘူး၊ ဝင်းကံကလူတွေ အကုန်ရှောင်နေတော့ မသိသေးဘူး” ဟု ပြောသည်။
သေဆုံးခဲ့သည့်အမျိုးသမီးသည် အသက် (၆၆) နှစ်အရွယ် ကရဝေးဆိပ်ရွာ အလယ်စုနေ ဒေါ်ခင်းအေးဖြစ်၍ မေလ ၁၀ ရက်နေ့က စစ်ကောင်စီ ခြေမြန်တပ်မဟာဌာနချုပ်မှ ပစ်ခတ်သည့် (၁၂၀) မမ လက်နက်ကြီး ၂ လုံးကြောင့် ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဒေသခံများက စစ်ကောင်၏ လေယာဉ်ဗုံးကြဲမှုကြောင့် ဝင်းကံရွာအပါဝင် ရှမ်းစု၊ ခရွဲ၊ ချောင်းဝ စသည့် ကျေးရွာတို့မှ ဒေသခံ ၄၀၀၀ ထက်မနည်း ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
“အခုကျွန်တော်တို့လဲ ဘေးလွတ်တဲ့နေရာတွေမှာ ရှောင်နေတယ်ပေါ့။ အခုလောလောဆယ်က ဒေသခံ ၆ ရွာ လောက်က ရွာလုံးကျွတ်နီးပါးရှောင်နေရတယ်။ ဒေသခံတွေ မနေရဲကြတော့ဘူးလေ။ အကုန်ပြေးကုန်ပြီးပေါ့။ အနည်းဆုံး ဒေသခံ လေးထောင်၊ ငါးထောင်လောက်က ရှောင်နေတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ပြည်သူများ လေကြောင်းရန် သတိထားနေထိုင် သွားလာရန် KNU တာဝန်ရှိသူတို့က အသိပေးထားသည်။
ယခုမေလအတွင်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ၌ ယခင်ကထက်ပိုပြီး အင်အားဖြည့်တင်းကာ လုံခြုံရေးအတွက် ပိုမို တင်းကြပ်ထားသည်ဟု သိရသည်။
စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်မှုတို့ကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
အလားတူ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ် တာလယ်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲနေသဖြင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
IMNA ပေးပို့သည်။