ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူသည် ဇူလိုင် ၁၀ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိတော့ကြောင်း ထိုမိသားစုနှင့်နီးစပ်သည့် ကျိုက်ထိုမြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အောင်သပြေနေ အမျိုးသားကြီးတစ်ဦးကို ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီက ၎င်းနေထိုင်ရာ နေအိမ်လမ်းထိပ်၌ စစ်ဆေးမေးမြန်းခြင်းမရှိ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းမှာ ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်လည်းဖြစ်သည်ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။
“သူတို့က အိမ်ချိတ်ပိတ်ခံရလို့ ပြောင်းနေနေတာ။ ဖမ်းသွားတာက လက်ရှိသူတို့နေတဲ့ အိမ်လမ်းထိပ်နားမှာ အိမ်ကနေ အပြင်သွားဖို့ထွက်တုန်း အဖမ်းခံလိုက်ရတာ။ အခုသူ့အိမ်က သူ့ကိုဆက်သွယ်လို့မရဘူး။ သူ့မိန်းမလည်း ရှောင်နေပြီ” ဟု အဆိုပါမြို့ခံက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် KRF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံထံသို့ ချိတ်ဆက်မေးမြန်းရန် ကြိုးစားနေသော်လည်း ဆက်သွယ်လို့ မရမရှိသေးပါ။
သို့သော် KRF အဖွဲ့ဝင်၏ဖခင် ဖမ်းဆီးခံရသည့်ဖြစ်စဥ် မှန်ကန်ကြောင်းနှင့် အဖွဲ့တွင်း ယင်းကိစ္စအပေါ် ဆွေးနွေးနေကြောင်း KRF နှင့် နီးစပ်သူထံမှ သိရသည်။
ယင်းအပြင် ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ပရဟိတအဖွဲ့ဝင်များအပါအဝင် ဒေသခံအမျိုးသား ၃၀ ဦး ထက် မနည်းကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့်ဆက်နွယ်မှုရှိပါက စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေး၍ ထောင်တွင်းအကျဥ်းချခြင်းများ လုပ်ဆောင်လေ့ ရှိသည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။
မွန်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူငယ်အမျိုးသားများ ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေကြရပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းသည် အများအားဖြင့် PDF များနှင့် ထိတွေ့ဆက်ဆံမှု၊ ထောက်ပံ့ပေးမှု စသော သံသဃ၊ စွပ်စွဲချက်များဖြစ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းမီဒီယာများမှ ပြောဆိုဖော်ပြချက်အရ သိရသည်။
KIC ပေးပို့သည်။