ကျင်ဒွေး- လောင်းရှည်လမ်းပိုင်း မိုင်းရှင်းလင်းစဉ် မိုင်းပေါက်ကွဲမှုကြောင့် ချင်းကာကွယ်ရေးတပ်ရဲဘော် ၁ ဦး ကျဆုံး

0
324
ပုံစာ - ရဲဘော်ဆလိုင်းအွမ်ဂေအတွက် CDF - ကန်ပက်လက်၏ ဝမ်းနည်းသဝဏ်လွှာ။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းအတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှပ်မိုင်းများကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် တပ်ရင်း ၃ တပ်ရင်းမှူးဟောင်း ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်က ထုတ်ပြန်သည်။

ပြည်သူများ ပြန်လည်သွားလာနိုင်ရေး အတွက် ကျင်ဒွေး- လောင်းရှည်လမ်းပိုင်းကို ဩဂုတ်လ ၃ ရက်နေ့က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲပြီး အသက် ၂၉ နှစ် အရွယ် ရဲဘော်ဆလိုင်းအွမ်ဂေ ကျဆုံးသွားခြင်း ဖြစ်သည်။

ရဲဘော် ဆလိုင်းအွမ်ဂေသည် လက်ရှိတွင် CDF – ကန်ပက်လက်၏ မိုင်း ဌာနတွင် မိုင်းကျွမ်းကျင် ရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေပြီး တော်လှန်ရေးအစောပိုင်းကာလတွင် CDF ကန်ပက်လက်၊ တပ်ရင်း – ၃ (တူမီးတပ်ရင်း) တွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

CDF – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းက “အများကြီး ဆုံးရှုံးလိုက်ရတယ်။ ပထမဆုံး လက်နက်ကိုင် တော်လှန်မှု ဖြစ်တဲ့အခါမှာ အစောဆုံးသင်တန်းတွေ တက်ပြီးတော့ ဦးဆောင်ခဲ့တယ်။ ကျင်ဒွေးကို ထောက်ပို့စစ်ကြောင်း သွားတဲ့ဟာက လောင်းရှည်အထိ ပြည်သူတွေ သွားလာလို့ရအောင် နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေး ပြန်လုပ်ရတယ်။ ပြန်လုပ်တဲ့ ပထမရက်မှာပဲ မိုင်းပေါက်ကွဲမှု ကြောင့် မတော်တဆနဲ့ ထိခိုက်ပြီးမှ ကျဆုံးသွားပါတယ်” ဟု ပြောသည်။

ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းတွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်း များကို အားလုံး ရှင်းလင်းမှု မပြီးသေးသည့်အတွက် ပြည်သူများအနေဖြင့် အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြု၍ ရမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းက ဆက်ပြောသည်။

ဇူလိုင်လ ၁၄ ရက် မှ ၂၇ ရက် အထိ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ခဲယမ်းနှင့် ရိက္ခာ ဖြည့်တင်းရန်အတွက် စစ်ကောင်စီ အင်အား ၃၀၀ ခန့်နှင့် စစ်ကား ၂၇ စီး ပါသည့် ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here