အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍကိုမြှင့်တင်ရန် ကော်သူးလေအမျိုးသမီးများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကော်သူးလေအမျိုးသမီးများကွန်ရက်ကို သုံးရက်တာကျင်းပပြုလုပ်ခဲ့သည့် ကော်သူးလေအမျိုးသမီးများ နှီးနှောဖလှယ်ပွဲမှ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနော်ထူးထူးက ပြောသည်။
“ကော်သူးလေအမျိုးသမီး Network ကို သဘောတူပြီးတော့ ဖွဲ့လိုက်တယ်။ အမျိုးသမီးတွေရဲ့အသံကို ပိုပြီးတော့ မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီးတော့ဖွဲ့လိုက်တာပါ” ဟု နော်ထူးထူးက ပြောသည်။
ကော်သူးလေအမျိုးသမီးများ နှီးနှောဖလှယ်ပွဲကို ကော်သူးလေ နယ်စပ်တနေရာတွင် မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
(ကော်သူးလေဆိုသည်မှာ ကရင်စကားဖြင့် ကရင် လူမျိုး/နိုင်ငံကို ခေါ်ဆိုခြင်းဖြစ်သည်။)
ကော်သူးလေအမျိုးသမီးများကွန်ရက် ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး နော်ထူးထူးက
“ကော်သူးလေနှီးနှောဖလှယ်ပွဲမှာ အလွှာပေါင်းစုံက အမျိုးသမီးတွေ အတူတကွစုရုံးပြီးတော့ အားလုံးပါဝင်ကြတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဒီမိုကရေစီရှိတဲ့ ကော်သူးလေယူနစ်ကို တည်ဆောက်ဖို့အတွက် ကျမတို့ရဲ့ပထမခြေလှမ်းပေါ့” ဟု ပြောသည်။
ဖွဲ့စည်းလိုက်သည့် ကော်သူးလေအမျိုးသမီးများကွန်ရက်တွင် ကရင်အမျိုးသမီးများ အဓိက ပါဝင်မည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၏ ခရိုင် (၇) ခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီးကိုယ်စားလှယ်များ၊ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများပါဝင်မည်ဖြစ်ပြီး အခြားလူနည်းစု တိုင်းရင်းသားအမျိုးသမီးများ ပါဝင်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု နော်ထူးထူးက ပြောဆိုသည်။
နှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လာမည့် ၁၈ ကြိမ်မြောက် ညီလာခံ (ကွန်ဂရက်) တွင် ဌာနဆိုင်ရာများ၊ ခရိုင်၊ စစ်ဘက်နှင့် အရပ်ဘက်အသီးသီးမှ အမျိုးသမီးညီလာခံကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ရန် တိုက်တွန်းတောင်းဆိုသည့် သဘောတူညီချက်တရပ်လည်း ချမှတ်ခဲ့သည်ဟု နော်ထူးထူးက ပြောသည်။
ထို့အပြင် နှီးနှောဖလှယ်ပွဲမှ အခြားအရေးကြီးသည့် သဘောတူညီချက်များအဖြစ် ကော်သူးလေနယ်မြေအတွင်း အွန်လိုင်း ငွေကြေးလိမ်လည်မှုအပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် လောင်းကစားများအား ဆန့်ကျင်တိုက်ဖျက်ရန်၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိရောက်ရှိရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။
ထို့အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရန်၊ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများအား အရေးပေါ်အကူအညီများပေးအပ်ရန်နှင့် ထိုင်းအစိုးရအား နယ်စပ်ဒုက္ခသည်များ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြု၍ တရားဝင်အလုပ်လုပ်ခွင့်ပေးရန် တောင်းဆိုချက်များ လည်း ပါဝင်သည်။
ကော်သူးလေ အမျိုးသမီးများနှီးနှောဖလှယ်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU၊ နေရာဒေသအသီးသီးရှိ ကရင်အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များအပြင် တစ်သီးပုဂ္ဂလပညာရှင်များနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးဆောင်နေသည့် ခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း အယောက် ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။
NMG ပေးပို့သည်။