16 ဧပြီ 2025 /

See today's Peace Related News

သတင်းကော့သောင်းတွင် လစဉ်ကြေးငွေကောက်ခံပြီး ပြန်လာသည့် ရဲစခန်းမှူးအပါ ရဲ ၃ ဦး တိုက်ခိုက်ခံရပြီးသေဆုံး

ကော့သောင်းတွင် လစဉ်ကြေးငွေကောက်ခံပြီး ပြန်လာသည့် ရဲစခန်းမှူးအပါ ရဲ ၃ ဦး တိုက်ခိုက်ခံရပြီးသေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်အတွင်း လစဥ်ကြေးငွေကောက်ခံပြီး ပြန်လာသည့် ရဲစခန်းမှူးနှင့်အဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ရဲစခန်းမှူးအပါအဝင် ရဲ ၃ ဦး သေဆုံးခဲ့သည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဖော့သုတ်ကျေးရွာသင်္ချိုင်းအနီးတွင် လစဥ်ကြေးကောက်ခံရာမှ ပြန်လာသည့် မာရမ်းတိုက်နယ် ရဲစခန်းမှူးနှင့်အဖွဲ့ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖတာဝန်ရှိသူက “ဆိုင်ကယ်နဲ့ နှစ်ယောက်က အရှေ့ကလာတယ်။ နောက်က ကားပေါ်မှာက စခန်းမှူးနဲ့ ၃ ယောက် စီးလာကြတာ။ ဆိုင်ကယ်နဲ့ ၂ ယောက်မှာ တယောက်က ဒဏ်ရာရပြီး နှစ်ယောက်စလုံးက လွတ်သွားတယ်။ ကားကိုပဲ အဓိကထားပစ်တာဆိုတော့ ကားပေါ်ကလူ အကုန်သေသွားတာ။ ကားကလည်း ချောက်ထဲထိုးကျသွားတာမို့ ပစ္စည်းတွေပဲသိမ်းလာတာ” ဟု ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ထိုင်း – မြန်မာ နယ်စပ် ရှမ်းကိုးကျေးရွာအခြေစိုက် မာရမ်းရဲစခန်းမှူး ရဲအုပ် မင်းအောင်စိုး၊ ဒုရဲအုပ်မျိုးလင်းကိုနှင့် ဒုတပ်ကြပ်စည်သူတို့ ၃ ဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ကော့သောင်းပကဖအဖွဲ့က သတင်းထုတ်ပြန်သည်။​

တိုက်ခိုက်မှုကို ဧပြီ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးချမ်းသာကျေးရွာမှ ဆက်ကြေးကောက်ပြီး ကားဖြင့်ပြန်လာသည့် ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး အပါအဝင် ရဲငါးဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်းမှ ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုးအစား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ကျည်ဆံ ၅၀ တောင့်၊ ၆ လုံးပြူး သေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ငွေ ၂၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တိုက်ခိုက်ခံရသည့်ရဲတပ်ဖွဲ့မှာ အေးချမ်းသာကျေးရွာရှိ လူကုန်ကူးသူများ၊ ရာဘာအဝယ်ဒိုင်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ လစဉ် ငွေကြေးကောက်ယူလျက်ရှိနေသည့်အဖွဲ့ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် ပကဖအဖွဲ့မှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တာဝန်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကလည်း ဆိပ်ဖူးကျေးရွာမှ လုပ်ငန်းရှင်များနှင့် ကျေးရွာသားများထံမှ လစဥ်ကြေးပေးဆောင်ရန် ပြောကြားပြီး ပြန်လာသည့် ရဲတပ်ကြပ်နေစိုးဦးနှင့် အပေါင်းပါတစ်ဦးတို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုခံရပြီး သေဆုံးခဲ့သေးသည်။

ရှမ်းကိုးကျေးရွာအုပ်စုရှိ မာရမ်းကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့မှာ ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်နှင့် ကပ်လျက် ပါချန်မြစ်နံဘေးတွင် တည်ရှိနေသည့် ကျေးရွာများဖြစ်ကြသည်။

NMG ပေးပို့သည်။