29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကော့ကရိတ်-ကျုံဒိုး လမ်းပိုင်း တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းမှ စွန့်ခွာတိမ်းရှောင်လိုသူများ ပိတ်မိနေ

ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်း တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းမှ စွန့်ခွာတိမ်းရှောင်လိုသူများ ပိတ်မိနေ

KNU – ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတလျှောက် တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်မြို့တွင်းကနေ စွန့်ခွာတိမ်းရှောင်လိုသူများ ထွက်ခွင့်မရဘဲ ပိတ်မိနေသည်ဟု ကော့ကရိတ်မြို့တွင်း သတင်းရင်းမြစ် များက ပြောဆိုသည်။

ကော့ကရိတ်-ကျုံဒိုး လမ်းမပေါ်ရှိ ငါးတိုင်ရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

တိုက်ပွဲအရှိန် ကူးစက်လာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီထိန်းချုပ်ထားသော ကော့ကရိတ်မြို့တွင်းကနေ မြို့ပြင်သို့ ထွက်ခွာတိမ်းရှောင်လိုသူများကို စစ်ကောင်စီက ဧပြီ ၁၅ ရက်နေ့ကတည်းက မြို့မှ ထွက်ခွာခွင့်မပေးတော့သဖြင့် ပိတ်မိနေခြင်းဖြစ်သည်ဟု ကော့ကရိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“၁၅ (ဧပြီ) ရက်နေ့ကတည်းက စစ်တပ်က မြို့ထဲမှာရှိတဲ့ပြည်သူတွေကို မြို့ပြင် ပေးမထွက်တော့ဘူး။ ပိတ်မိနေကြတယ်ပဲ ပြောရမှာပေါ့။ မြို့ထဲမှာကတော့ ပစ်တာခတ်တာ ပုံမှန်လိုရှိနေတာပဲ။ လက်နက် အကြီးအသေးပဲကွာတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကော့ကရိတ်-ကျုံဒိုးရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်နိုင်မည့် နီးစပ်ရာကျေးရွာများတွင် စစ်ရှောင်ကြရပြီး အချို့ကျေးရွာများသည် ရွာမှ ထွက်ခွာစစ်ရှောင်ခွင့်မရဘဲ ပိတ်မိနေသူများရှိနေသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်မြို့ အဝင်/အထွက်ကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် လေးတိုင်၊ ငါးတိုင်၊ နွားခြံကုန်းရွာများကို KNLA ပူးပေါင်းတပ်က ထိန်းချုပ်၍ နယ်မြေရှင်းလင်းလျက်ရှိနေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။

ကော့ကရိတ်မြို့ခံ အမျိုးသားနောက်တစ်ဦးက “ငါးတိုင်ဘက်မှာကြတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ပေးမထွက်ဘူးလို့ ကြားတယ်။ လောလောဆယ် မြို့ထဲမှာ စီးပွားရေးသမားတွေကတော့ ဈေးပိုတက်တာပဲ။ ဆန်ဈေးက တစ်ဆလောက်ခုန်တက်သွားတယ်။ ဆိုင်ကယ်ဆီတွေလည်း ဈေးတက်ကုန်ပြီ” ဟု မြို့တွင်းအခြေအနေကို ပြောဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ကူညီနေသူများ ပြောဆိုမှုအရ ကော့ကရိတ်နှင့် ကျုံဒိုးမှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အဓိကလိုအပ်လျက်ရှိပြီး နေရာထိုင်ခင်းနှင့် အမိုးအကာများလည်း လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီကနေ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းမှ ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားသည်။

KIC ပေးပို့သည်။