“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ၁၁ ရက်မြောက်နေ့တွင် ကိုးကန့်ဒေသရှိ ‘ပန်လုံ’ ဗျူဟာကုန်း အပါအဝင် ပင်မ Òပန်လုံÓ ဗျူဟာကုန်းကို ကာထားသည့် စခန်း ၂ ခု ကို ရက္ခိုင့်တပ်တော် (AA) မှ ဦးဆောင်ပြီး နိုဝင်ဘာလ ၅ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။
“ပန်လုံ” ဗျူဟာကုန်းကို ကာထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို နိုဝင်ဘာလ ၄ ရက်နေ့ ကတည်းက ရက္ခိုင့်တပ်တော် (AA) မှ ဦးဆောင်တိုက်ခိုက်ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ် ချေမှုန်းသိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့၏ နိုဝင်ဘာလ (၆) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် အဓိက (ပင်မ) ဗျူဟာကုန်း ဖြစ်သည့် Ò ပန်လုံÓ ဗျူဟာကုန်းကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၅ နာရီတွင် စတင်တိုက်ခဲ့ပြီး ညနေ ၅ နာရီမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စခန်း ၃ ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ လေတပ်မှ ရဟတ်ယာဉ်အပါ၀င် ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ခုခံခဲ့သည့်ကြားက ခက်ခက်ခဲခဲ သိမ်းယူခဲ့ရသည့် စခန်းသိမ်းတိုက်ပွဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဗျူဟာကုန်းတိုက်ပွဲအတွင်း အသက်ပေး စွန့်လွှတ်ခဲ့ကြသည့် ရဲဘော်ရဲဘက်များနှင့် “၁၀၂၇ စစ်ဆင်ရေး” တလျှောက် အသက်၊ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကို လည်း မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။
အလားတူ တအာင်းတပ်မတော် (TNLA) မှလည်း နမ်းခမ်းမြို့ရှိ နမ်းခမ်းရဲစခန်းကို သိမ်းယူခဲ့ပြီး နောင်ချိုမြို့နယ် ဂုတ်ထိပ်တံထား အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ရွှေညောင်ပင် ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို လည်း (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တို့ နိုဝင်ဘာ ၆ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ကလည်း ကောလင်းမြို့ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းများနှင့် မြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို အောက်တိုဘာ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ကောလင်းမြို့တစ်ခုလုံး အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့ပြီး ယခုအခါ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ /PDF များပါ ပူးပေါင်းပါ၀င် တိုက်ခိုက်နေပြီး စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲစခန်း အပါအဝင် စခန်းပေါင်း ၁၂၀ ကျော်ကို တိုက်ခိုက်သိမ်းယူထားပြီ ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရပါသည်။
နိရဉ္စရာ ပေးပို့သည်။