စစ်ကိုင်းတိုင်း ကသာမြို့အတွင်း၌ NUG နှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ဆောင်သွားမည်မဟုတ်ကြောင်းနှင့် ဝါဒဖြန့်သည့် စာရွက်များသည် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က လုပ်ဆောင်ခြင်းမရှိဟု SNA နှင့် နီးစပ်သူတို့က ပြောဆိုသည်။
ကသာမြို့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်ပျံ့နှံ့လာသည့် ဝါဒဖြန့်စာထဲတွင် SNA က NUG ကို အယုံအကြည်မရှိကြောင်းနှင့် KIA၊ PDF တပ်ဖွဲ့ကို မိတ်ဆွေဖွဲ့ရေး စဉ်းစားမည်မဟုတ်ကြောင်း ရှမ်းနီတိုင်းရင်းသားရုပ်ပုံ၊ ပန်းချီနှင့် SNA တပ်သားပုံများကို ထည့်သွင်းဖော်ပြလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ရိုက်ကူးထားပြီး တစ်လနီးပါးအကြာမှ ပြန့်နှံ့လာသော အဆိုပါ ဝါဒဖြန့်စာကို ကိုးကားပြီး သတင်းမီဒီယာတချို့က ထပ်ဆင့်ဖော်ပြခဲ့ကြသလို စစ်ကောင်စီ ထောက်ခံသူများကလည်း ထပ်ဆင့်မျှဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိထွက်ပေါ်လာသည့် ဝါဒဖြန့်စာရွက်များသည် SNA နှင့် လူထုကို ရန်တိုက်ပေးသော လုပ်ရပ်ဖြစ်သည်ဟု SNA ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပြောဆိုသည်။
“လူထုတွေကို SNA က ဒီမိုကရေစီမလိုလားဘူးပေါ့။ နောက်တခါ ရှမ်းနီနယ်တွေကို ထိုးစစ်ဆင်ဖို့အတွက် တမင် သက်သက် ရှမ်းနီတွေဟာ စကစလူ ဖြစ်တယ်၊ ဒါကြောင့် တိုက်ရပါတယ်ပေါ့။ ရှမ်းနီဆိုတာ တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်တော့ ရိုးရိုးထိုးစစ်ဆင်ရင် KIA တွေက ရှမ်းနီဒေသတွေကို နယ်ချဲ့ပါတယ်ဆိုတဲ့သမိုင်း ကျန်ခဲ့မှာလေ။ အခုလို စာဖြန့်တော့ ရှမ်းနီက အရင် စကစနဲ့ပေါင်းပြီ ရန်စတယ်ပေါ့။ အဲ့ပုံစံမျိုးဖြစ်အောင် တမင်ဖန်တီးတာလို့ပဲမြင်တယ်” ဟု ဝါဒဖြန့်စာနှင့်ပတ်သက်ပြီး SNA က ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
ကသာမြို့နယ်အတွင်းကို SNA အနေဖြင့် လက်ရှိအချိန်ထိ ဝင်ရောက်ခြင်းမရှိသေးသလို မြို့နယ်အတွင်း၌ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များသာ ရှိနေကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကသာမြို့သည် တိုက်ပွဲရပ်တန့်နေသော အင်းတော်မြို့နှင့် ထီးချိုင့်မြို့တို့နှင့် မိုင်အနည်းငယ်အကွာတွင်ရှိနေသည့် မြို့တစ်ခုလည်းဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။