ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် အရေးပေါ် အမိုးအကာများ လိုအပ်နေ

0
299

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင်များကူညီပေးနေသူထံမှ သိရသည်။

ယခုလက်ရှိ ကလေးမြို့နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်း‌နေ‌ကြောင်းသိရပြီး စစ်ဘေးရှောင်စခန်းများတွင် လက်ရှိအသုံးပြုနေသည့် မိုးကာများမှာလည်း တစ်နှစ်နီးပါးရှိပြီဖြစ်ကာ မိုးကာများ ဆွေးမြေ့ပြီး မိုးယိုမှုများဖြစ်ပေါ်နေသောကြောင့် စစ်ရှောင်ပြည်သူများ အခက်တွေ့နေကြသည်ဟု သိရသည်။

“အခုဆိုရင် အရေးပေါ်မိုးကာတွေ လိုနေတာ။ မိုးတွေ တော်တော်မလုံဘူးဆိုပြီးတော့ စာတွေလဲ လာလာတင်ကြတယ်။ အမြန်ကူညီပေးဖို့ပေါ့နော်။ ကျွန်တော်တို့ဘက်ကလဲ အမိုးအကာအတွက် ကူညီ‌ပေးဖို့ ဘတ်ဂျက် အလုံအလောက်မရှိသေးဘူး။ အခုချိန်မှာလဲ မိုးဆက်တိုက်ရွာနေတာဗျ။ အရင်လှူထားတဲ့မိုးကာတွေဆို အခု ၇ လ ၈ လရှိပြီ ဆွေးကုန်တော့တာ” ဟု ကလေးမြို့နယ် စစ်ဘေးရှောင်များကူညီပေးနေသူ ကိုသူရိန်က ပြောသည်။

ထိုသို့ မိုးမလုံမှုကြောင့် အခက်တွေ့နေသည့် စစ်ဘေးရှောင်များအတွက် ၁၈ ပေ ပတ်လည်ရှိ မိုးကာ အချပ် ၅၀ ဝန်းကျင်အား ကူညီထောက်ပံ့ပေးနိုင်လျှင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားနိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကလေးမြို့တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းနေသည်မှာ နှစ်ပတ်နီးပါးရှိပြီဖြစ်ကာ ရုတ်တစ်ရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် သွားရေးလာရေးမှာလည်း အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ထို့အပြင် မကွေးတိုင်းဘက်မှ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ဘေးရှောင်အချို့ ထပ်မံရောက်ရှိလာသောကြောင့် ၎င်းတို့အတွက် ဆောင်းတွင်းအသုံးပြုရန် စောင်များ၊ အနွေးထည်များနှင့် အမိုးအကာများ အကူအညီလိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်များကူညီပေးနေသူက ပြောသည်။

လက်ရှိ ကလေးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၃ ခု ဖွင့်လှစ်ထားကာ ၎င်းအနက် စစ်ရှောင်စခန်း ၇ ခုတွင် နှစ်ရှည် စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်မှ ၃၀၀၀၀ နီးပါးရှိပြီး စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်နေကြသည့် ပြည်သူများမှာ ‌ဆွေမျိုး အသိမိတ်‌ဆွေများထံ ခိုလှူံနေကြသူများလည်း ရှိသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here