ကလေးမြို့တွင် ဖုန်လိုင်းတခုတည်းဆက်သွယ်လို့ရသည့် MPT ဆင်းကတ် ကျပ်သုံးသောင်းခွဲအထိဈေးတက်

0
178

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း MPT ဖုန်းလိုင်းတစ်ခုတည်းသာ ဆက်သွယ်ရေးလိုင်း ရရှိတာကြောင့် ဒေသခံပြည်သူများက အလုအယက်ဝယ်ယူလျက်ရှိရာ MPT ဆင်းကတ်တစ်ကတ်လျှင် ကျပ်ငွေ သုံးသောင်းခွဲအထိ ဈေးမြင့်တက်သွားသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့နယ်အတွင်း ဒီဇင်ဘာ ၅ ရက်နေ့ကစ၍ Ooredoo၊ ATOM (Telenor)၊ Mytel ဖုန်းလိုင်းများအပါအဝင် Wifi လိုင်းများလည်း ပြတ်တောက်ခဲ့ရပြီး MPT ဖုန်းလိုင်းတစ်ခုတည်းသာ ဆက်သွယ်ရရှိခြင်းဖြစ်သည်။

ထိုအခြေအနေကြောင့် ဒေသခံပြည်သူများက MPT ဆင်းကတ်ကို အလုအယက် ဝယ်ယူနေကြသောကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်သွားသလို ဖုန်းကတ်များလည်း ပြတ်လပ်သွားသည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ကျမတို့အိမ်မှာက Ooredoo Wifi ယူပြီးသုံးတာ Wifi ပျက်တော့ MPT ပြောင်းသုံးရတာ။ အသစ်ဝယ်သုံးတာ MPT ဆင်းကတ်က ဆိုင်တိုင်းမှာလည်း မရပြန်ဘူး။ လက်ကားနဲ့ရောင်းတဲ့ဆိုင်က နှစ်သောင်းခွဲ၊ ဆိုင်သေးတွေစီ ပြန်ရောက်တော့ သုံးသောင်းခွဲ ဖြစ်သွားတယ်။ ဝယ်ဖို့တောင်မရှိတဲ့အထိ ပြတ်သွားတာ လေယာဉ်နဲ့တောင် ထပ်မှာထားတယ်လို့ ကြားမိတယ်” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်လများက ကလေးမြို့တွင် MPT ဆင်းကတ် တစ်ကတ်လျှင် ၄၅၀၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် MPT ဆင်းကဒ်တစ်ကဒ်လျှင် ၂၅၀၀၀ မှ ၃၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။

အလားတူ ကလေးမြို့ပေါ်တွင် Atom ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်မှာ ရက်သတ္တပတ်ခန့်ကြာ ရှိလာပြီဖြစ်သည့်အပြင် Ooredoo ဖုန်းလိုင်းသည်လည်း ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှ စတင်ပြတ်တောက်ခဲ့ရာမှ လက်ရှိအချိန်အထိ ပြတ်တောက်နေဆဲဖြစ်သည်။

ကလေးမြို့နယ်အတွင်း ယခုကဲ့သို့ ဖုန်းလိုင်းနှင့် Wifi လိုင်းများ ပြတ်တောက်ရခြင်းမှာ မဟာမြိုင်ဘက်က တာဝါတိုင်စက်ရပ်သွားခြင်း အပါအဝင် မကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်းနှင့် ဟံသာဝတီကြား Ooredoo Fiber လိုင်း ပြတ်တောက်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် Ooredoo ဖုန်းလိုင်းတစ်ခုတည်းသာ အသုံးပြုရရှိနေသည့် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို့တို့တွင်လည်း Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here