ကရင်နီရှိ ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူရန် စစ်ကောင်စီ အလုံးအရင်းနဲ့ထိုးစစ်ဆင်

0
355
ပုံစာ - ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF

ကရင်နီ (ကယား) ပြည်နယ်ထဲက ဆုံးရှုံးသွားသည့် တပ်စခန်းများကို ပြန်လည်ရယူရန်အတွက် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို အရင်ကထက် အင်အားအလုံးအရင်းနှင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

စစ်ကောင်စီက ၎င်းတို့ဆုံးရူံးသွားသည့် တပ်စခန်းများ ပြန်လည်ရယူနိုင်ရန်အတွက် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက် နေသည်ဟု KNDF ၏ ဒု- စစ်ဦးစီးချုပ်မာဝီက ပြောသည်။

“အခု ဒီမြို့သိမ်းရွာသိမ်း ကိစ္စတွေလည်း စဖြစ်လာတဲ့ဟာတွေလည်း ရှိနေပြီပေါ့လေနော်။ အဲဒီအတွက်ကြောင့် မို့လို့ ဒါသူတို့ ဆုံးရှုံးသွားတဲ့မြေတွေ သူတို့ဆုံးရူံးသွားတဲ့ စခန်းတွေ မြို့တွေရွာတွေ အတွက်ကို ပြန်လည် ရယူဖို့အတွက် စီမံချက်ချပြီးတော့ အပြင်းအထန်နဲ့ ပြန်ပြီးတော့မှ လုပ်နေတယ်လို့တော့ ကျနော်တို့သိထား တယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်တွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ၂၀၂၃ ခုနှစ်တွင် ပိုပြီး ပြင်းထန်လာကြောင်းနှင့် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ KNDF ဒု-စစ်ဦးစီးချုပ်မာဝီက အခုလို ပြောသည်။

“ဒီတစ်လ ဩဂုတ်လ အတွင်းမှာကတော့ ဒီးမော့ဆို ဖရူဆို ကားလမ်းမကြီး တလျှောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရှိတယ်။ ပြီးတော့ မယ်စဲ့ဖက်မှာ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ ပြီးတော့နယ်စပ်မှာ ထိုင်း-မြန်မာ နယ်စပ်တကြောမှာ ရှိတယ်ဆိုတော့ ဒီနေရာတွေကတော့ အပြင်းအထန်ဆုံး ဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေရော၊ လက်နက်ကြီးတွေရော၊ လုပ်နေတဲ့ အချိန်မျိုး ရှိတာပေါ့လေနော်။ ဆိုတော့ ဘယ်နေရာက အပြင်းထန်ဆုံးလည်း ပြောဖို့တော့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတိုင်း ပြင်းထန်နေတဲ့အတွက် ကြောင့်မို့လို့ပဲလေနော်။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ အလုံးအရင်းနဲ့ ထိုးတယ်။သူမနိုင်ဘူးဆိုရင် ဒါမှမဟုတ် သူရှေ့ဆက်ဖို့ ခက်ခဲနေတယ်ဆိုရင် သူလေကြောင်းတွေ အများကြီး သုံးပြီး တိုက်ခိုက်တယ်” လို့ ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ် တပ်မ ၆၆၊ တပ်မ ၅၅၊ စကခ ၂၊ စကခ ၁၈၊ စကခ ၁၄ စသည့် ထုတ်နှုတ်အင်အားများနှင့် ကရင်နီပြည်ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က နေ့ဘက်တွင် တိုက်ပွဲများ ဖော်ဆောင်လေ့ရှိပြီး ညဘက်တွင်မူ လေကြောင်းမှ တိုက်ခိုက်မှုများကို လုပ်ဆောင်လေ့ရှိသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ရာတွင်လည်း စစ်ရေးပစ်မှတ်ထက် အရပ်သား ပစ်မှတ်ကို ဦးတည် တိုက်ခိုက်နေသည်ဟု KNDF က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပြီး တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လာနိုင်ခဲ့သည်။

တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်ကောင်စီ တပ်က ကရင်နီပြည်နယ်ကို အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း ၂၀၂၁၊ ၂၀၂၂ ခုနှစ် တို့ ကထက် ယခု ၂၀၂၃ ခုနှစ်တွင် ပိုပြီး လုပ်ဆောင် လာသည်ဟု KNDF က ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here