ကရင်နီပြည်၏ ဧရိယာ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဖြစ်

0
337

ကရင်နီ (ကယား) ပြည်၏ ဧရိယာ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းသည် စစ်ကောင်စီထိန်းချုပ်ဧရိယာနှင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများဖြစ်သည်ဟု ကရင်နီရှိ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက မတ်လ ၂၃ ရက်တွင် ပူးပေါင်းထုတ်ပြန်သည်။

“တစ်လေးလုံးစစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီတပ်က ဆုတ်ခွာခဲ့သည့် တပ်စခန်း ၁၆ ခု အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီစခန်း ၆၅ ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သိမ်းပိုက်ထားတဲ့ စခန်း ၆၅ ခုထဲမှာ တချို့စခန်းတွေကတော့ အထိုင်စခန်းတွေ ဖြစ်တယ်။ တချို့ကြတော့လည်း ဗျူဟာကုန်းစခန်းတွေ ဖြစ်တယ်ပေါ့။ တချို့ကြတော့လည်း နှစ်ရှည်လများ အခြေပြုတပ်စွဲထားတဲ့ နေရာတွေ၊ ကျေးရွာတွေ၊ စစ်ဆေးရေးဂိတ်တွေ ဖြစ်တယ်ပေါ့။ စစ်ကြောင်းထိုးပြီးတော့ အခြေစိုက်တပ်စွဲထားတဲ့ နေရာတွေလည်းပါတယ်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောပါသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီစခန်း ၁၇ ခုထိ အများဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီ စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း ၁၃ ခု၊ ဖားဆောင်းမြို့နယ်တွင် စခန်း ၉ ခု၊ ဘောလခဲမြို့နယ်တွင် စခန်း ၅ ခု၊ ရှားတောမြို့နယ်တွင် စခန်း ၇ ခု၊ မယ်စဲ့မြို့နယ်တွင် စခန်း ၁ ခုနှင့် ဖရူဆိုမြို့နယ်အတွင်း စခန်း ၁ ခု စုစုပေါင်း စစ်ကောင်စီစခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကရင်နီ-ထိုင်း နယ်စပ်တလျှောက်တွင်လည်း ၂၀၂၃ ဇွန်လ ၁၃ ရက်တွင် စတင်ခဲ့သည့် မိုခါမုန်တိုင်း စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ၏ နယ်စပ်စခန်း ၇ ခုနှင့် မယ်စဲ့မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့တို့ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်း၊ တပ်ရင်းများ ကျန်ရှိနေသေးပြီး တခြားအခြေစိုက်တပ်စခန်းများ၏ ရှေ့ထွက်ကင်း၊ ကာကင်းစခန်းများ ရှိနိုင်သေးကြောင်းနှင့် အရေအတွက် အတိအကျကို မသိရှိနိုင်သေးဟု KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ကရင်နီပြည် မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်နှင့် ကရင်နီပြည် သံလွင်မြစ် အရှေ့ခြမ်းဒေသများသည် စစ်ကောင်စီ ကင်းစင်သွားသည့် နယ်မြေများ ဖြစ်သည်။ လက်ရှိတွင်လည်း မိုးဗြဲ၊ ရွာသစ်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ မော်ချီး၊ ရှားတောနှင့် မယ်စဲ့ စသည့် မြို့နယ်များကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here