ကရင်နီပြည်အတွင်း မူးယစ်ဆေးအမှုက ထိပ်ဆုံးရာဇဝတ်မှုဖြစ်နေဟု KSP ပြောဆို

0
102
ပုံစာ - ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။

ကရင်နီ (ကယား) ပြည်အတွင်း ဖမ်းဆီးအရေးယူခဲ့သော ရာဇဝတ်မှုများအနက် မူးယစ်ဆေးအမှုသည် အများဆုံးဖြင့် ထိပ်ဆုံးရာဇဝတ်မှုဖြစ်နေသည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က ပြောသည်။

ဖမ်းဆီးရမိသည့် ရာဇဝတ်မှုများအတွင်း မူးယစ်ဆေးမှု၊ လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ သပ်လျှိုမှု (သွေးခွဲမှု၊ သွေးထိုးမှု) နှင့် စစ်သုံ့ပန်းများပါဝင်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၇၅ မှုဖြင့် အများဆုံးဖြစ်သည်ဟု KSP က ဆိုသည်။

KSP ဒုရဲချုပ် (၂) ကိုဘိုဘိုက “ကရင်နီပြည်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုများရတဲ့ အကြောင်းအရင်းက အရင် စစ်ကောင်စီ အုပ်ချုပ်စဉ်ကာလကတည်းကလည်း မူးယစ်ဆေးက ပြဿနာကြီးနေပြီးသားပေါ့။ အခုနောက်ပိုင်း ဒီလိုတော်လှန်ရေးကာလ ရောက်သွားတော့ အဲဒါကို ခုတုံးလုပ်ပြီးတော့မှ ပြဿနာက ပိုပြီးကြီးလာတာပေါ့” ဟု ပြောသည်။

ယခုနောက်ပိုင်း တော်လှန်ရေးကြားကာလတွင် ဖွဲ့စည်းတည်ထောင်လိုက်သည့် ကရင်နီပြည်ရဲတပ်ဖွဲ့ KSP က မူးယစ်ဆေးဝါး ပြသနာများကို ကြိုးစားထိန်းချုပ် လုပ်ဆောင်နေသည်ဟုလည်း ဒုရဲချုပ်ကိုဘိုဘိုက ဆက်ပြောသည်။

ကရင်နီပြည်တွင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ရာဇဝတ်မှုပေါင်း ၁၄၉ မှု အထိ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံမှ သိရသည်။

မူးယစ်ဆေးဝါးအမှုများကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ ကျူးလွန်သည့်အမှုအလိုက် ၁၀ နှစ်အထိ ချမှတ်ပြီး ဖမ်းဆီးရမိသည့် တရားခံများအား လူ့အခွင့်အရေးနှင့်အညီ ထိန်းသိမ်း၍ သက်သေတည်ဆောက်ပြီးမှသာ အဆင့်ဆင့် တရားစွဲဆိုသည်ဟုလည်း KSP တရားစီရင်ရေးဌာန တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများကို KSP စခန်း ၁၄ ခုနှင့် စစ်ဘေး ရှောင် စာသင်ကျောင်းများတွင် ပြုလုပ်လေ့ရှိပြီး စစ်ဆေးရေးဂိတ်နှင့် စိုးမိုးနယ်မြေများတွင်လည်း ရှောင်တခင် စစ်ဆေးခြင်း၊ လိုက်လံဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒုရဲချုပ် ၂ ကိုဘိုဘိုက ဆက်ပြောသည်။

“မူးယစ်ဆေးဝါးက ပြည်သူလူထုအတွက် အရမ်းအန္တရာယ်များတဲ့ ကိစ္စတခုပေါ့နော်။ အဲဒါကြောင့်မို့ ဒီမူးယစ် ဆေးဝါးကို ကျနော်တို့ရဲ့ အဓိက ပြဿနာကြီးတစ်ခုအဖြစ် ထားပြီးတော့မှ ပပျောက်ရေးအတွက် ကျနော်တို့ ထိထိရောက်နဲ့ အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်ထားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်တွင် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအများဆုံး တွေ့ရသည့်အမှုမှာ ရှေ့တန်းစစ်မြေပြင်၌ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် သပ်လျိုမှုများ ဖြစ်ပြီး လက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ရုံးထုတ်စစ်ဆေးလျက် ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးကိုလည်း ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က တရားစွဲဆိုခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်ဟု တရားသူကြီးဦးစောဒေးက ပြောဆိုခဲ့သည်။

ယခင် ၂၀၂၃ ခုနှစ်အတွင်း KSP ၌ ရဲစခန်း ၉ ခုနှင့် ရဲကင်း ၁၀ ခုကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် စခန်း ၁၄ ခုနှင့် ရဲကင်း ၁၈ ခုအထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီး တပ်သား ၆၃၈ ဦးဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here