ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် စောင်နှင့်အနွေးထည်များ လိုအပ်ချက်များရှိနေ

0
172
Photo - CJ

ကရင်နီ (ကယား) ပြည်က စစ်ဘေးရှောင်များသည် စစ်ရှောင်ကာလကြာမြှင့်လာသည်နှင့်အမျှ လိုအပ်ချက် များပြားနေဆဲဖြစ်ပြီး လက်ရှိချိန် ဆောင်းတွင်းကာလဖြစ်တာကြောင့် စောင်နှင့်အနွေးထည်များ လိုအပ်နေသဖြင့် တောင်းဆိုမှုများရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်များမှာ တိမ်းရှောင်ပြေးစဉ်က အသုံးအဆောင်ပစ္စည်းများ မပါလာသူများပြားသလို လက်ရှိချိန်တွင်လည်း စောင်၊ အနွေးထည်တို့ လုံလောက်မှုမရှိကြကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါသည်။

“စစ် စရှောင်ကတည်းက သူတို့မှာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတော့ ပစ္စည်းတွေ ပါမလာကြတာ များတယ်ပေါ့နော။ အခုကာလ ဆောင်းရာသီဆိုရင် သူတို့အတွက် စောင်မလုံလောက်မှုတွေ ရှိတယ်။ ခုဆို ပိုဆိုးပေါ့။ အနွေးထည်တွေလဲ လုံလောက်မှု မရှိဘူး။ စောင်တွေ တောင်းဆိုလာတာ ရှိတာပေါ့။ ဖျာရော အရမ်းအေးလာလို့ ပိုလိုအပ်နေတယ်” လို့ ၎င်းက ပြောသည်။

ကြားကာလအစိုးရဖြစ်သည့် IEC ကို လိုအပ်ချက်နှင့် ပတ်သက်ပြီး တောင်းခံရသလို အလှူရှင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် နေသည်ဟုလည်း ၎င်းကဆိုသည်။

လွိုင်ကော်မြို့နယ်အရှေ့ခြမ်းတွင် စစ်ရှောင်ဦးရေ နှစ်သောင်းခွဲရှိပြီး စောင်၊ အနွေးထည်အပြင် တခြား အခြေခံစားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

ဒေသတွင်းအဖွဲ့အစည်းများကလည်း ကာလကြာရှည်စွာ စစ်ဘေးရှောင်နေရသော စစ်ရှောင်ပြည်သူများကို ထောက်ပံ့ပေးနိုင်ရန်အတွက် အလှူရှင်အဖွဲ့အစည်းတို့ကို မှီခိုနေရပြီး လက်ရှိတွင်လည်း ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်း နည်းပါးလာသည်ဟု ပြောသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ပျိုးခင်းလေး စစ်ရှောင်စခန်းတွင် ၂၀၂၃ ခုနှစ်၊ တစ်လေးလုံး စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ စုပေါင်းနေထိုင်ကြပြီး စစ်ရှောင်စခန်းတည်ရှိသည်မှာ တစ်နှစ်ကြာရှိနေပေမယ့် လူမှုအသင်းအဖွဲ့တို့၏ ထောက်ပံ့ကူညီမှု မရရှိသေးဘူးလို့ ဆိုကြသည်။

ထိုစစ်ရှောင်စခန်းတွင် လွိုင်ကော်၊ နာနတ်တောနှင့် တခြားနေရာက စစ်ဘေးရှောင်များ နေထိုင်ကြပြီး အိမ်ခြေ ၂၇ အိမ်၊ လူဦးရေ ၁၀၀ ရှိကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းပေးသည့် အလှူရှင်အဖွဲ့အစည်းလည်း နည်းပါးသလို လိုအပ်နေသော စောင်၊ အနွေးထည် ဝယ်ယူရန်လည်း စစ်ဘေးရှောင်များတွင် ငွေကြေးအခက်အခဲ ရှိနေကြသည်။

“ကျမတို့ စထွက်လာတုန်းကဆို ဘာမှမပါဘူးလေနော။ မလိုလောက်ပါဘူးဆိုတာမျိုးလည်း တွေးကြတာလည်း ဖြစ်မှာပါ။ အခုတော့ စောင်ကအစ လိုအပ်တယ်။ အေးနေပြီလေး” စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ စာရင်းအရ ကရင်နီပြည်က စစ်ဘေးရှောင်ဦးရေ သုံးသိန်းအတွက် စားနပ်ရိက္ခာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စိန်ခေါ်မှု ရှိနေသည်ဟု ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here