ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုဖို့ လုပ်ဆောင် သွားမယ်လို့ IEC ပြောဆို

0
377
ပုံစာ - ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရသည့် မြင်ကွင်း။ (ပုံဟောင်းဖြစ်သည်)

ကရင်နီ (ကယား) ပြည်မှာ စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆို နိုင်ဖို့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် လက်ရှိတွင် IEC ၏ ဌာန ၁၂ ခု ထဲမှ လူ့အခွင့်အရေးဌာနကို ဖွဲ့စည်းပြီး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“လက်ရှိအချိန်မှာတော့ NUG မှာ ရှိနေတဲ့ ကျနော်တို့ NUG ရဲ့ လူ့အခွင့်အရေးဌာနနဲ့ ကျနော်တို့ စတင်ပြီးတော့ ချိတ်ဆက်မှု ပြုလုပ်နေပါပြီ။ အဲဒီတော့ ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ ပြည်နယ်အဆင့်မှာ လုပ်နိုင်တဲ့အပိုင်းတွေကိုတော့ ဒီဌာနကနေ နောက်ပိုင်းကျရင် တိတိကျကျ ကျနော်တို့ ဆက်လုပ်သွားဖို့ ရှိတယ်။ ပြီးတော့ ဒီဌာနအနေနဲ့လည်း ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ ဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတကာမှာ ကျနော်တို့ တရားဥပဒေကြောင်းအရ ကျနော်တို့သွားနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့အတူတကွ ရှာဖွေမယ်” လို့ ဦးဗညားက ဆိုသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ကရင်နီပြည်အတွင်း အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေ၊ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်း တွေကို လက်နက်ကြီး၊ လေကြောင်းနှင့် တိုက်ခိုက်မှုတွေကိုပါ အသုံးပြုဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက များစွာ ကျူးလွန်ထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘာသာရေး အဆောက်အအုံတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တယ်။ လေကြောင်းတွေနဲ့ တိုက်ခိုက်တယ်။ နောက်ပြီးတော့ ဘာသာရေးအဆောက်အအုံတွေ သာမက စာသင်ကျောင်းတွေ ဆေးခန်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တယ်ပေါ့နော။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လက်နက်ကြီးပစ် တိုက်ခိုက်တာတွေ နောက်ပြီးတော့ ဒီလို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီက နေပြီးတော့ ဒါစစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပေါ့နော” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင်လည်း ကရင်နီပြည်မှာ စစ်ကောင်စီ ကျူးလွန်သည့် စစ်ရာဇဝတ်မှုတချို့ကို နိုင်ငံတကာမှာ တရားစွဲ ဆိုနိုင်ဖို့ တင်သွင်းထားတာ ရှိတယ်လို့လည်း ဦးဗညားက ပြောသည်။

“ကျနော်သိသလောက် ဖြစ်စဉ်တွေထဲမှာတော့ မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်နေရာတင်ထား ပါတယ်။ သြစတေးလျမှာတစ်ခု တင်ထားတယ်။ ဒါက NUG ကနေ ဦးဆောင်ပြီးတော့မှ ပူးပေါင်းလုပ်တဲ့ ဖြစ်စဉ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ ဂျာမနီမှာပါ။ ဂျာမနီမှာကတော့ ဖြစ်စဉ်တစ်ခု မကဘူးပေါ့နော။ ကျနော်တို့ ပြည်နယ်ရဲ့ တော်တော်များများ ဖြစ်စဉ်တွေပါဝင်တဲ့ ကျနော်တို့ဖိုင်နဲ့ပေါ့။ ဖိုင်နဲ့ တင်သွင်းခြင်း ဖြစ်ပါတယ်။ ကရင်နီ ဖြစ်စဉ်နဲ့ ပတ်သက်ရင်တော့ သြစတေးလျမှာ တစ်ခု တင်ထားတာ ရှိတယ်။ ဂျာမနီမှာတစ်ခု တင်ထားပါတယ်လို့” ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း ကရင်နီပြည်တွင် ဒေသခံလူထုအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ခံရပါက IEC ထံ တိုင်ကြားနိုင်ကြောင်း သိရသည်။

ယင်းအပြင် IEC အနေဖြင့် လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန အပါအဝင် ဌာန ၇ ခုကို စတင်စုဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သြဂုတ်လ ၆ ရက်နေ့က IEC ၏ ဖေ့ဘုတ်လူမှု ကွန်ရက် စာမျက်နှာကတဆင့် အသိပေးကြေညာထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် အဓိက တာဝန်ရှိသူအဖြစ် ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ အရေးယူ ဒဏ်ခတ်ခဲ့သည့် စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်ရာထူး အပြင် ပြည်ထဲရေး ဒု-ဝန်ကြီး ရာထူးကိုပါ စစ်ကောင်စီ ပူးတွဲခန့်အပ်ထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here