ကရင်နီ ညေးဘူးခူတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ဟုဆို

0
405

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီး ညေးဘူးခူတောင်ပေါ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ မတ်လ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင် တနေကုန်နီးပါး နှစ်ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်/ Karenni Nationalities Defense Force (KNDF) မှ မတ်လ (၃၁) ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ တပ်သား ၁၅ ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ကရင်နီပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

KNDF ၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်များ အထိနာမှုကြောင့် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခဲ့သည့်အတွက် စာသင်ကျောင်း တစ်ခုအတွင်း စစ်ရှောင်အရပ်သား တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

စစ်ကောင်စီ၏ တပ်များကို ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၃) တပ်ရင်းများဖြစ်သည့် KNDF/B (10)၊ KNDF/B (15)၊ KNDF/B (07) တို့မှ ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

၎င်း ၂ ရက်တာ တိုက်ပွဲအတွင်း MA-1 သေနတ် (၃) လက်၊ MA- 2 သေနတ် (၂) လက် ၊ MA-3 သေနတ် (၁) လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ပြောဆိုထားသည်။

ကရင်နီဒေသတွင်း တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးအဖွဲ့များ၏ လုံခြုံရေးအရ တိုက်ပွဲဖြစ်စဥ်တင်ပြမှု အချိန်ယူရခြင်းနှင့် ရလဒ်ကောင်းများအတွက် ပြည်တွင်း/ပြည်ပ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပံ့ပိုးကူညီပေးနိုင်ရန်လည်း KNDF က မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here