ကရင်နီ KNPLF ဌာနချုပ်ရှိရာ ဟိုစဲ့ကို စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
315
ပုံစာ - လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဟိုစဲရှိအပျက်အစီးတချို့။

စစ်ကောင်စီက ကရင်နီပြည်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (KNPLF) ဌာနချုပ်ရှိရာ ဟိုစဲ့ကို ဇွန်လ ၁၇ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘောလုံးကွင်းပျက်စီးခဲ့ပြီး အခြားပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရသည်။

ဟိုစဲ့ဒေသခံတစ်ဦးက “၁၇ ရက် စနေနေ့ကပေါ့ ၆ လုံး အတွဲလိုက် ကြဲသွားတာပါ။ စစ်ရေးအခြေနေတော့ ပြင်းထန်နေတယ်၊ ထိခိုက်ပျက်စီးမှုတော့ အနည်းငယ် ရှိပါတယ်။ လောလောဆယ်တော့ ပန်တိန်း မှာ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က ရဟတ်ယဉ်တွေ လာရောက်ပစ်ခတ်တယ်၊ လေယာဉ်ဗုံးကို တနေ့ကို ၅ ခါ ထက်မနည်း လာကြဲတယ်။ တစ်ခါကြဲရင် ၆ လုံး၊ အတွဲလိုက်ကို ကြဲတာ။ ကင်းထောက် လေယာဉ်တော့ ရက်တိုင်းကို ဝဲတယ်၊ မလာတဲ့ရက်ကို မရှိဘူး” ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဘောလုံးကွင်းနှင့် KNPLF ဌာနချုပ် သည် မီတာ ၃၀၀ ဝန်းကျင် အကွာအဝေးသာ ရှိကြောင်း သိရသည်။

ယင်းအပြင် ဘောလုံးကွင်းနှင့် ဌာနချုပ်နေရာ အကြား မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံး ရှိနေကြောင်း ဟိုစဲ့ဒေသခံများက ပြောသည်။

ပုံစာ – လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဟိုစဲရှိအပျက်အစီးတချို့။

ဒါ့အပြင် ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ မယ်စဲ့မြို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့နယ်အတွင်းနှင့် ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုနှင့် မယ်စဲ့ရဲစခန်းကို ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မယ်စဲ့မြို့ခံများအပါအဝင် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့ကနေ စစ်ရှောင်လာကြသည့် လူဉီးရေ ၅ ထောင် ကျော်သည် ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။

မယ်စဲ့မြို့နယ်အတွင်းနှင့် ထိုင်းနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

လက်ရှိအချိန်အထိ မယ်စဲ့မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တာကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးတာဝန်ရှိသူများက ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here