ကချင်ပြည်နယ်ရှိ ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့တွင် တိုက်ပွဲဖော်ဆောင်ခြင်း မလုပ်ရန် ဒေသအတွင်းရှိသည့် လက်နက်ကိုင်အဖွဲ့ကြား ညှိနှိုင်း ဆောင်ရွက်မှု ရှိနေသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
ကန်ပိုင်တည်မြို့၌ ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့က နေရာယူထားပြီး လက်ရှိတွင် KIA တပ် စစ်ဆင်ရေးက ကန်ပိုင်တည် မြို့ဘက်ကို ဦးတည်လာနေသောကြောင့် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်နေသည်ဟု ကန်ပိုင်တည်ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် ဒေသအတွင်း လက်နက်ကိုင်အချင်းအချင်းကြား ဆွေးနွေးနေကြသည်ဟုသာ သိရှိရပြီး ကန်ပိုင်တည် မြို့ပေါ်၌ တိုက်ပွဲမဖြစ်ပွားရန် မည်သည့်ပုံစံနှင့် ညှိနှိုင်းဆွေးနေကြသည် ဆိုသည်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။
ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက Òပြည်သူ့စစ်ဆိုပြီး နေလာခဲ့ကြတယ်ဆိုတော့ လူကြီးပိုင်းတွေက ဆွေးနွေးနေကြတယ်လို့ ပြောကြတယ်။ ဆွေးနွေးနေကြတယ်လို့ ပြောတဲ့အထဲမှာက အဓိကတော့ တိုက်ပွဲတွေ မဖြစ်အောင် ဆွေးနွေးနေကြတယ်လို့ပဲ ထင်နေကြတယ်” ဟု ပြောသည်။
ဒေသခံများ၏ ပြောဆိုမှုအရ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့က တိုက်ပွဲမဖော်ဆောင်ရန် KIA ကို ညှိနှိုင်းပြောဆိုနေပြီး အဆိုပါဆွေးနွေးမှုတွင် တရုတ်အစိုးရလည်း ပါဝင်နိုင်သည်ဟု ပြောကြသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
KIA ပူပေါင်းတပ်များက လက်ရှိတွင် ဆဒုံးမြို့အကျော် ကန်ပိုင်တည်မြို့နှင့် ၁၀ မိုင်ကျော် အကွာနားတွင်ရှိသည့် ဝေမော (We Maw) အထိ ရောက်ရှိနေရာယူထားပြီ ဖြစ်တာကြောင့် ကန်ပိုင်တည်မြို့ကို KIA က သိမ်းပိုက်မည်ဟု ဒေသခံပြည်သူများကြား ပြောဆိုလျက်ရှိသည်။
တိုက်ပွဲများ ဖြစ်လာမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံ အိမ်ခြေ ၁၀၀ ကျော်လောက်သည် တိမ်းရှောင်ရန် သတ်မှတ်ထားသည့် နယ်စပ်ခြံစည်းရိုးကပ်ရက် လှိုင်ဂူရှိရာအနီးတဝိုက်နေရာတွင် ယာယီတဲများ ဆောက်လုပ်ထားကြပြီး မြို့တွင်း၌လည်း ည ၈ နာရီ နောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများက ပြောပါသည်။
“ပြည်သူတွေတချို့ကြတော့ နယ်စပ်နေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတယ်။ လှိုင်ဂူပေါ်နားမှာ ယာယီတဲတွေထိုးပြီး တချို့ဆိုရင် သွားတောင်သွားအိပ်နေကြပြီ။ ရွာမှာဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို အပြင်မထွက်ခိုင်းတော့ဘူး” ဟု အထက်ပါ ကန်ပိုင်တည်ဒေသခံအမျိုးသားက ပြောသည်။
ဇွန်လ ၁၁ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက ဝိုင်းမော်မြို့မှ ဆဒုံး – ကန်ပိုင်တည် သွားသည့်ကားလမ်း တကြောရှိ ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ့်တောင် ပြည်သူ့စစ်စခန်း၊ လဖိုင် ပြည်သူ့စစ်စခန်းနှင့် ဆဒုံးဗျူဟာကုန်း စသည့် ဗျူဟာမြောက် တပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
ဝိုင်းမော်မြို့ ကနေ ဆဒုံးမြို့ အထိကို KIA ပူးပေါင်းတပ်များက အပြီးသတ်ထိန်းချုပ်လိုက်ပြီးနောက် လက်ရှိတွင် ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်ရှိနေတာကြောင့် KIA က ကန်ပိုင်တည်မြို့ကိုပါ ထိန်းချုပ်လာနိုင်သည်ဟု စစ်ရေးစောင့်ကြည့်လေ့လာသူ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောဆိုသည်။
“ဘာပဲဖြစ်ဖြစ် ဆဒုံးအထိတောင် သိမ်းထားပြီဆိုတော့ ကန်ပိုင်တည်ကတော့ ဖြစ်လာမယ်လို့ ထင်တယ်။ ပြီးရင် KIA ရဲ့ စစ်ဆင်ရေးကလည်း ကန်ပိုင်တည်အထိ ပါမယ်လို့ထင်တယ်။ ပြီးရင် အဲမှာရှိတဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ကန်ပိုင်တည်ကို မထိပေးဖို့ တောင်းဆိုထားတာတွေလည်း ကြားနေရတယ်။ ဒါပေမယ့် KIA သဘောက လိုအပ်ရင်တော့ လုပ်မှာပဲ” ဟု ပြောဆိုသည်။
ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် KIA ၏ စခန်းသိမ်းတိုက်ပွဲအတွင်း ဝိုင်းမော်မြို့ကနေ ဆဒုံးမြို့အထိ စစ်ကောင်စီတပ် ဗျူဟာမြောက် တပ်စခန်း ၅ ခုခန့်နှင့် ရဲစခန်းအပါဝင် ရှေ့တန်းတပ်စခန်းငယ် ၁၀ ခု ကျော်ကို KIA က သိမ်းပိုက်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလကလည်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်က အပြီးသတ် ထိန်းချုပ်လိုက်ပြီးနောက် လက်ရှိတွင် KIO ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
KNG ပေးပို့သည်။