ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုကြောင့် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာနှင့် မီးဖိုဆောင်သုံးပစ္စည်းများပါ ပြတ်လပ်နေသည်ဟု ကန်ပက်လက်မြို့ခံများထံမှ သိရသည်။
ကန်ပက်လက်မြို့ခံတစ်ဦးက “ကန်ပက်လက်မြို့ပေါ်မှာ စျေးလည်းမရောင်းကြတော့ဘူး၊ အခုရှိတဲ့ဟာလည်း လက်ကျန်ပစ္စည်းလေးတွေပဲ ရောင်းကြတော့တာ။ ဆော ဘက်ကိုဆင်းပြီးမှပဲ စျေးဝယ်ရတယ်။ ကန်ပက်လက်မှာ က စျေးလဲမရှိတော့ဘူးဆိုတော့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးဝယ်လို့မရဘူး။ ကုန်းစိမ်းတွေ ရောင်းလို့ဝယ်လို့ မရတော့ဘူး၊ ဒုက္ခရောက်ကုန်တာ” ပြောသည်။
လက်ရှိချိန်တွင် ကန်ပက်လက်မြို့ပေါ်၌ နေထိုင်သူ လူဦးရေ ၂၀၀ ကျော် ရှိနေပြီး၊ မြို့တွင်းသို့ ကုန်ပစ္စည်းများ အဓိက သယ်ယူရာ လမ်းကြောင်းဖြစ်သည့် ကန်ပက်လက်-ဆော လမ်းကြောင်းကို အသုံးပြု၍မရသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မှုကို ကြုံနေကြရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းအပြင် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချ တပ်စွဲထားဆဲဖြစ်သောကြောင့် ၎င်းတို့အား ရိက္ခာဖြတ်တောက်နိုင်ရန်အတွက် CDF-Kanpetlet က မြို့တွင်းရှိ ပြည်သူများကို ဆန်အပါအဝင် ရိက္ခာများကို မိသားစုအရေအတွက်ပေါ်မူတည်၍ အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားသည်ဟု မြို့ခံများထံမှ သိရသည်။
ထို့ကြောင့် လက်ရှိတွင် ကန်ပက်လက်မြို့ခံပြည်သူများသည် ၁၂ မိုင်ခန့် ကွာဝေးသော မကွေးတိုင်း၊ ဆောမြို့တွင် ရိက္ခာဆန်များကို တလတကြိမ် ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ ခြေလျှင်ဖြင့် သော်လည်းကောင်း ဝယ်ယူစားသုံး နေကြရသည်ဟု အဆိုပါ ကန်ပက်လက်မြို့ခံက ပြောပြသည်။
“ဆန် ၁ အိတ်လောက် မိသားစုအတွက် ဝယ်ချင်တယ်လို့ အကြောင်းကြားပြီးမှပဲ ဝယ်ရတယ်။ ၂ အိတ်လောက်ပဲ၊ အများကြီးလဲ သယ်လို့မရဘူး။ ဆေးဝါးတွေလည်းပဲ မရှိသလောက်ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေ အတွက်ဆိုရင် မြို့ထဲကနေတဲ့ ပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေကပဲ ဝယ်ခြမ်းပေးတာ၊ ကူညီပေးရတာ။ မြို့ထဲမှာနေတဲ့ သူတွေက နေနိုင်လို့မဟုတ်ဘဲနဲ့ တခြားနေရာမှာ ပြောင်းဖို့ရွေ့ဖို့ ဆိုရင်လည်း မလွယ်ဘူး။ ငွေကြေးက မတတ်နိုင်ကြလို့ပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကန်ပက်လက်မြို့တွင်း သောက်သုံးရေ ပိုက်လိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သောကြောင့် မြို့နေပြည်သူများ သောက်သုံးရေများ ရရှိရန်ခက်ခဲခြင်း၊ အရေးပေါ်ကျန်းမာရေး ကြုံရချိန်တွင် ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်ထားခြင်း မရှိသောကြောင့် ဆေးကုသရန်အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်။
လူဦးရေ ၁ သောင်းနီးပါး နေထိုင်သည့် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF – ကန်ပက်လက်တို့ မြို့တွင်းတိုက်ပွဲ မကြာခဏ ဖြစ်ပွားမူကြောင့် မြို့ခံပြည်သူအများစုသည် ကန်ပက်လက်မြို့ဝန်းကျင်ရှိ ကျေးရွာများ၊ ဥယျာဉ်ခြံနှင့် ဆောမြို့အပါအဝင် ရန်ကုန်မြို့တို့တွင် စစ်ဘေးတိမ်းရှောင်ကြရဆဲဖြစ်သည်ဟု သိရသည်။
KMG ပေးပို့သည်။