ကချင်တွင် အာဏာသိမ်းကာလ ၄ နှစ်အတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦးရှိခဲ့

0
102
ပုံစာ - ကချင်တွင် စစ်ကောင်စီ တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားပြည်သူများ။

စစ်အာဏာသိမ်းကာလ ၄ နှစ်တာအတွင်း ကချင်ပြည်တွင် စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ဖြစ်စဉ်တို့ကြောင့် ၄ နှစ်တာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စုစုပေါင်းသေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသတွင် ၅၆၀ ဦးရှိခဲ့သည်ဟု Myanmar Pace Monitor (MPM) ၏ စုစည်းထားသော မှတ်တမ်းအချက်အလက်များအရ သိရသည်။

အဆိုပါကိန်းဂဏန်းအရ ၄ နှစ်တာကာလအတွင်း ကချင်ဒေသတွင် ၂၀၂၄ ခုနှစ်ထဲ အရပ်သားများ သေဆုံးမှု အများဆုံး ဖြစ်သည်ဟု MPM Coordinator ကိုနှင်းကိုဦးက ပြောသည်။

“တိုက်ပွဲကာလအတွင်းမှာ သေဆုံးမှုဖြစ်စဉ် အဖြစ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်အတွင်းမှာက ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် ပိုပြီးများလာတယ်။ များလာတာတောင် နှစ်ဆနီးပါလောက် ရှိတယ်။ ဒေတာအရကြည့်မယ်ဆိုရင် တိုက်ပွဲကာလအတွင်းမှာ သေဆုံးတဲ့ အရပ်သားအရေအတွက်တွေက တစ်နှစ်နဲ့တစ်နှစ်တော့ မတူဘူး။ ၂၀၂၄ မှာက ၁၇၁ ဦးအထိ ရှိခဲ့တယ်” ဟု ၎င်းက ကချင်ပြည်တွင် အရပ်သားသေဆုံးမှုအခြေအနေကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် အရပ်သားဦးရေမှာ ကချင်ဒေသတွင် ၄ နှစ် တာအတွင်း ၄၀၅ ဦး ရှိခဲ့ပြီး ထိုအထဲ ၂၀၂၄ တွင် အများဆုံးရှိခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားဦးရေသည် ၂၀၂၂ ခုနှစ် ၈၃ ဦး၊ ၂၀၂၃ ခုနှစ် ၃၂ ဦး နှင့် ၂၀၂၄ မှာ ၃၄ ဦး စုစုပေါင်း ၁၄၉ ဦး ရှိခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ သည့် အရပ်သားစုစုပေါင်း ၅၆၀ ဦးထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးလူဦးရေ အများဆုံး ပါဝင်သည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ ကချင်ဒေသ၌ တိုက်ပွဲတချို့ရှိခဲ့သော်လည်း တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုမရှိသလောက် နည်းပါးခဲ့သည်ဟု သိရပါသည်။

Myanmar Peace Monitor (MPM) ၏ အချက်အလက်များသည် သတင်းမီဒီယာများ ဖော်ပြချက်နှင့် ဒေသအတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်များကနေ မှတ်တမ်းယူစုစည်းခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က စတင်ပြီး ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရဖြစ်ပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား သေဆုံးမှုအချက်အလက်တို့ကို အသေးစိတ်ဖော်ပြနိုင်ရန် သတင်းဌာနများအနေနှင့် ခက်ခဲလာသည်ဟု ဆိုသည်။

ထိုအခြေအနေကြောင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်ခံရမှုအပြင် တိုက်ပွဲနှင့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် အရပ်သားပြည်သူ သေဆုံးမှုစာရင်းသည် မြေပြင်စာရင်းနှင့် ကွာဟမှု ရှိနိုင်သည်ဟုလည်း MPM တာဝန်ရှိသူများက ပြောသည်။

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်သည့် အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလော ကျေးရွာတို့တွင် လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here