ZRA-EC က စစ်မှုထမ်းရန် ဖမ်းသွားသည့် အသက်မပြည့်ကလေးငယ်များ ပြန်လည်လွတ်မြောက်လာ

0
206
ပုံစာ - ပြန်လည်လွတ်မြောက်လာကြသည့် အသက်မပြည့်ကလေးငယ်များ။

Zomi Revolutionary Army -Eastern Command (ZRA-EC) က စစ်မူထမ်းရန် အတင်းအဓမ္မဖမ်းဆီးသွားသော တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသည့် ကလေး ၉ ဦးအား ဇူလိုင်လ ၉ ရက်နေ့တွင် ZRA-EC က ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

တုန်းဇန်ကျေးရွာက အသက် ၁၃ နှစ်ဝန်းကျင် ကလေး ၉ ယောက်ကို စစ်မှုထမ်းဆောင်ရန်ဟုဆိုကာ ZRA-EC က ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာရပ်မိရပ်ဖများက သွားရောက်ညှိနှိုင်းကြရာမှာ ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“၆ ရက်နေ့က ဖမ်းထားတဲ့ အသက်မပြည် ၉ ယောက်ပေါ့၊ ဒီနေ့ ပြန်လွတ်ပြီ။ သူတို့ရွာမှာရှိတဲ့ ရွာခေါင်းဆောင် ပိုင်းတွေ သွားပြီးတော့မှ ZRA အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ပြန်တောင်းတာ၊ သူတို့တော့ ရွာပြန်ရောက်ပြီ” ဟု တီးတိန်မြို့ဒေသခံက ပြောသည်။

ZRA-EC တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း တုန်းဇန်ကျေးရွာက ဒေသခံပြည်သူများကို စစ်မူထမ်းရန်အတွက် မဲနှိုက်ခိုင်းခဲ့ပြီး အမျိုးသား (၂၀) ဦးက မဲပေါက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် မဲပေါက်သူတို့ကို ခေါ်ယူခြင်း မရှိသေးသော်လည်း ခေါ်ယူချိန်တွင် မလိုက်ပါက မိသားစုဝင်များ ကျေးရွာအတွင်း နေထိုင်ခွင့် ပြုမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တီးတိန်မြို့မှ မိုင် (၂၀) ကျော် ကွာဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့က ယခုကဲ့သို့ စစ်မှုထမ်း ဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်နေသည့်အတွက် လူငယ်အရွယ် အမျိုးသားများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here