TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးပြတ်လပ်မှုရှိလာ

0
170

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် လူသုံးဆေးဝါးများ စတင်ပြတ်လပ်မှုကြောင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်ဖြစ်ပေါ်လာသဖြင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံတချို့မှာ စိုးရိမ်မှုတို့ ရှိနေသည်ဟု နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်ရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်ဘက်မှာဆို ဆေးဝါးတွေ တော်တော်ပြတ်လပ်လာတာ တွေ့ရတယ်။ နှစ်ရှည်ရောဂါ ခံစားနေရတဲ့သူတွေ သောက်တဲ့ဆေးတွေဆို မရတော့ဘူး။ အခု လုံးဝပြတ်လပ်သွားတာ ငှက်ဖျားဆေးဖြစ်နေတယ်။ ငှားဖျားရောဂါ ခံစားရတဲ့သူက သူ့ဆေးနဲ့မှ သက်သာမြန်တာ၊ ခုက အရမ်းစိုးရိမ် နေရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆေးဝါးပြတ်လပ်သည့်ထဲတွင် ငှက်ဖျားဆေးသည် နမ့်ခမ်းမြို့နှင့် မူဆယ်မြို့နယ်ဘက်တွင် လုံးဝ ပြတ်လပ်သွားခြင်းကြောင့် ငှက်ဖျားရောဂါ ခံစားနေရသူတစ်ဦးသည် အသက်အန္တရာယ်ထိ စိုးရိမ်လာနေရသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က စ၍ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅) နေရာထက်မနည်းတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင်ဈေးသည်များကို နှစ်ဘက်တပ်ဖွဲ့များက ဖြတ်သန်းခွင့်မပေးဘဲ အပြန်အလှန် ပိတ်ပင်တားမြစ်ထားသည်ဟု ဆိုသည်။

နမ့်ခမ်းမြို့သည် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်ကိုသာ ဝမ်းစာအတွက် အဓိက အားထားရသည့် ဒေသတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် မူဆယ်မြို့နယ်ရှိ အစိုးရဆေးရုံတွင် ဆရာဝန်လုံလောက်မှု မရှိသည့်အပြင် ဆေးဝါးလုံးလောက်မှု မရှိခြင်းကြောင့် ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေသည့် အခြေအနေမျိုးရှိနေကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့ထက် နမ့်ခမ်းမြို့တွင် ဆေးကုပေးမည့်ဆရာဝန်များ ရှိသော်လည်း ဆေးဝါးလုံလောက်မှုမရှိသည့်အတွက် အခြေခံလူတန်းစားအတွက် အခက်ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ပြောရမယ်ဆို ၁၀၂၇ စစ်ဆင်ရေးကတည်းက စပြတ်တာပဲ။ လက်ရှိ ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရတယ် ဆိုပေမဲ့ ဆေးဝါး မလုံလောက်မှုတွေ တော်တော်များလာတယ်။ အခု နမ့်ခမ်းမှာက ဆရာဝန်တွေစုံလာတယ်။ မူဆယ်ကနေတောင် သွားကုကြသေးတယ်။ ဒါပေမဲ့ ဆေးဝါးလုံလောက်မှု မရှိတော့ ခက်ခဲဖြစ်စေတာမျိုးရှိတယ်” ဟု အဆိုပါမူဆယ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်းသယ်ယူခွင့် ပြုသော်လည်း တရုတ်အာဏာပိုင်များက ကုန်ပစ္စည်းများကို ကန့်သတ် သယ်ဆောင်ခွင့်ပြုထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် တရုတ်အာဏာပိုင်ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here