TNLA တပ်သား ၂ ဦး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပစ်ခတ်

0
326
ပုံစာ - ပြင်းထန်ဒဏ်ရာ ရရှိထားသည့် TNLA တပ်ဖွဲ့ဝင် ၂ ဦး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်း – ကောင်းဝိုက် ကျေးရွာအနီး တအာင်းလွတ်မြောက် ရေးတပ်မတော် PSLF/ TNLA တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံခဲ့ရာက TNLA တပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မော်တောင်း – ကောင်းဝိုက် ကျေးရွာအဝင် လမ်းမကြီးပေါ်တွင် ဇွန်လ ၁၇ ရက် က စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေချိန် လက်နက်ကိုင်ဆောင်ထားသည့် TNLA တပ်ဖွဲ့ဝင် ၂ ဦးက အရပ်ဝတ်ဖြင့် ဆိုယ်ကယ်စီးနင်းလာနေစဉ် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတချို့က ဆိုသည်။

“ဟိုနားပန်စုံမှာ TNLA တပ်ဖွဲ့တွေရှိတယ်။ မော်တောင်းမှာလည်း ရှိထားတယ်။ လူတစ်ယောက်ကို ဟိုနားပန်စုံဘက် သင်တန်းသွားပို့မယ်။ လူလဲပြီး လာမယ်ပေါ့နော်။ ဆိုင်ကယ်စီးသွားတယ်။ အပြန်မှာ ယူနီဖောင်းနဲ့ လူချိန်းပြီး ပြန်လာတာ။ စစ်တပ်က လမ်းပေါ်မှာ တွေ့လိုက်တာ။ သူတို့သွားတဲ့ချိန် စစ်ကြောင်းက မရှိထားဘူး။ ပြန်လာတော့ စစ်ကြောင်းက လုံခြုံရေးနဲ့ လမ်းမှာချထားပြီ။ သူတို့နှစ်ယောက်က ဆိုင်ကယ်စီးလာတော့ စစ်ကြောင်းက ပစ်ခတ်လိုက်တယ်” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

TNLA တပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် လေကြောင်းမှ ပစ်ခတ်မှုများကို စစ်အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

TNLA တပ်ဘက်ကလည်း ညီနောင်မြောက်ပိုင်း အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ရှမ်းမြောက်ဒေသအတွင်း မြို့နယ်များရှိ စစ်ကောင်စီတပ်၏ ဂိတ်များ၊ စခန်းများအပြင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ လုပ်လေ့ရှိသည်ဟု ၎င်းတို့က ဆက်ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်ခံခဲ့ရသည့် PSLF/TNLA တပ်ဖွဲ့ဝင်နှစ်ဦးသည် TNLA တပ်မဟာ ၇ မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး တစ်ဦးသည် ဝမ်းဗိုက်တွင် ထိမှန်ခဲ့ပြီး ကျန်တစ်ဦးက လက်တွင် ကျည်ထိမှန်ခဲ့ပြီး၊ ၎င်းတို့ကို တအာင်းဒေသအတွင်းရှိ လုံခြုံသည့်နေရာတွင် ဆေးကုမှုပေးထားကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

TNLA တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံခဲ့ရသည့် မူဆယ်မြို့နယ် မော်တောင်း-ကောင်းဝိုက် ကျေးရွာအနီးသည် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များ သွားလာလှုပ်ရှားလျှက်ရှိနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here