TNLA က မန်ပိန်းရွာစာသင်ကျောင်းတွင် ဒေသခံများ ကန့်ကွက်နေသည့်ကြားက အတင်းအဓ္ဓမတပ်စွဲထားနေဟုဆို

0
182
ပုံစာ - ဒီဇင်ဘာ ၂ ရက်နေ့က မန်ပိန်းကျောင်းတွင် ကျောင်းသားမိဘများနှင့် TNLA တပ်ဖွဲ့တို့ အချင်းများနေစဉ်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်း၌ ဒေသခံများ ကန့်ကွက်နေသည့်ကြားက TNLA က အတင်းအဓ္ဓ တပ်စွဲနေရာယူလိုက်တာကြောင့် ကျောင်းသားမိများက အပြင်းအထန် ကန့်ကွက်နေသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နှင့် နမ့်ဖတ်ကာမြို့အကြား ခိုမုန်းကျေးရွာအနီးရှိ မန်ပိန်းကျေးရွာစာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။

မန်ပိန်းကျေးရွာခံ အမျိုးသားတစ်ဦးက “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA က ရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်းမြေနေရာမှာ အဲလိုတပ်ချလိုက်တော့ ရွာသားတွေက စာသင်ကျောင်းမှာ တပ်မချဖို့ ဘယ်လောက်သွားပြောလဲ မရဘူး။ သေနတ်တွေနဲ့လည်း ခြိမ်းခြောက်တယ်။ လုံး၀ မဖယ်ပေးဘူးတဲ့။ သူတို့ကို ပေးမနေဘူးဆိုရင် ကျောင်းလည်း မဖွင့်နဲ့တဲ့။ ကျောင်းရှေ့က အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်။ ကျောင်းကိုလည်း ပိတ်ကာပေးလိုက်တယ်” ဟု ပြောသည်။

မန်ပိန်းကျေးရွာအုပ်စု အခြေခံမူလတန်းကျောင်း ကျောင်းဆောင်သစ်တွင် လက်ရှိ၌ ကလေးများ ကျောင်းတက်ပညာသင်ယူနေကြပြီး ကျောင်းဆောင်ဟောင်းတွင် TNLA နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ ရှင်းလင်းရေးလုပ်ပြီး နေရာယူတပ်စွဲထားခြင်းဖြစ်သည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျောင်းသားမိဘတချို့ သွားပြီး ကျောင်းနယ်မြေတွင် နေရာမယူရန် TNLA ကို ပြောဆိုတောင်းဆိုခဲ့ပေမဲ့ TNLA က လုံး၀လက်မခံတဲ့အပြင် ခြံစည်းရိုးထပ်ကာလိုက်ပြီး တပ်ချနေတယ်ဟု ဆိုသည်။

TNLA တပ်ကို အကြိမ်ကြိမ်ပြောဆိုလည်း မရသည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီ၊ ကျောင်းဆရာဆရာမအားလုံးက TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးရန် သွားတောင်းဆိုခဲ့ကြရာ TNLA က ဒေသခံရွာသားတွေကို သေနတ်မြောက် ခြိမ်းခြောက်သည့်အပြင် ကလေးများ စာသင်နေသည့်ကျောင်းကိုလည်း သစ်သားနှင့် ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ ကချင်အမျိုးသားအလံကိုလည်း ဆွဲဖြုတ်လိုက်သည်ဟု ဒေသခံတို့က ပြောသည်။

ယင်းအပြင် TNLA ဘက်က ၎င်းတို့ကို တပ်ချခွင့်မပေးပါက ကျောင်းလည်းမဖွင့်ရဟုဆိုကာ ကျောင်းရှေ့အလံကို ဆွဲဖြုတ်ပြီး ကျောင်းကို ခြံကာပိတ်ပေးလိုက်သည်ဟု ဆိုသည်။

ကျောင်းသားမိဘများက ဒီဇင်ဘာ ၂ ရက်နေ့နှင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် TNLA ကာထားသည့် ခြံကာကို ပြန်ဖယ်လိုက်ပြီး ကလေးများ ကျောင်းဆက်တက်နေကြောင်း သိရသည်။

“ကလေးတွေနဲ့ မိဘတွေ ပြန်ဖြုတ်ပြီး ကျောင်းတက်တယ်။ ဒါပေမဲ့ သူတို့က ပြန်ပိတ်ပေးလိုက်တယ်။ မနေ့ကတော့ Sport day ဆိုတော့ ကလေးတွေလာပြီး ခဏလောက် ကစားကြတယ်။ ဒါပေမဲ့ ပလောင်မိဘတွေက သူတို့ကလေးတွေ ပြန်လာခေါ်လိုက်ကြတာတွေလည်း ဖြစ်နေတယ်။ အခုက TNLA က သူတို့ကို နေခွင့်မပေးလို့ ကျနော်တို့ကျောင်းကိုလည်း ပိတ်ပေးဖို့ ပြန်ကြိုးစားလာတာပေါ့။ လုံး၀ မဖယ်ပေးဘူးတဲ့။ သူတို့လူကြီးတွေနဲ့လည်း ညှိလို့မရဘူးဘဲပြောတယ်။ ရွာသားတွေကို လူကြီးတွေနဲ့ တွေ့ခွင့်ပေးပါဆိုလည်း သူတို့က ဘာမှတွေ့ခွင့်လည်းမပေးဘူး” ဟု မန်ပိန်းကျေးရွာခံအမျိုးသားက ဆက်ပြောသည်။

TNLA ဘက်က နေရာယူတပ်ချလိုက်သော ကျောင်းဆောင်ဟောင်းသည် ကိုဗစ်-၁၉ မဖြစ်ခင်အထိ ဖွင့်လှစ်သင်ကြားခဲ့သည့်နေရာဖြစ်ပြီး ဒေသခံကျောင်းသားမိဘများက ထိုကျောင်းဆောင်ဟောင်းကို ပြုပြင်ပြီး မူလွန်ကျောင်းအဆင့်အတန်း တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်မှာပင် TNLA တပ်က တပ်စွဲရန် အတင်းအဓ္ဓမ သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်အကြောင်းပြန်ဖြေကြားပေးတာမျိုး မရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ ဒေသ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမြို့ မန်ပိန်းကျေးရွာတွင် အိမ်ခြေ ၃၀ ခန့်ရှိပြီး ဒေသခံရပ်မိရပ်ဖများက KIO အစိုးရနှင့် ချိတ်ဆက်ကာ ကိုယ်ထူကိုယ်ထစနစ်နှင့် ပညာရေးကျောင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆိုပါကျောင်းတွင် မန်ပိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သည့် နားစမို့ရွာ (Na samu)၊ ခဖော့ရွာ (Hka hpaw)၊ ဇွပ်ရာ (Zupra)၊ ကောင်ရာ (Kawngra) စသည့် ကျေးရွာများက ကျောင်းသားများ လာရောက်ပညာသင်ယူနေကြပြီး ကျောင်းသားအားလုံးပေါင်း ၆၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

နမ့်ဖတ်ကာအနီး မန်ပိန်းကျေးရွာတဝိုက်တွင် ကချင်၊ ရှမ်း၊ ပလောင်၊ တရုတ် စသည့် တိုင်းရင်းသားများ အတူယှဉ်တွဲနေထိုင်ကြပြီး လူဦးရေ အိမ်ခြေနည်းပါးသည့် ကျေးရွာအုပ်စုတစ်ခုလည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here