တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် ဩဂုတ်လကုန်တွင် ထပ်မံတွေ့ဆုံရန်ရှိသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တာဝန်ရှိသူက ပြောဆိုသည်။
ဩဂုတ်လကုန်၌ ထပ်မံတွေ့ဆုံရာတွင် လက်ရှိပြည်သူများ ကြုံနေရသည့်အခက်အခဲများ ပြေလည်စေရန် အဓိက တောင်းဆိုသွားမည်ဟု သိရသည်။
PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “ကျမတို့ ဆောင်ရွက်နေတဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲကလည်း အဓိကကတော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးနဲ့ ပြည်သူလူထုတွေရဲ့ အကြပ်အတည်းကို ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအပြီးမှစတင်၍ တရုတ်-မြန်မာ ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ နယ်စပ်ဂိတ်များ ပိတ်ဆို့ထားမှုကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေးအခြေအနေမှာ ပိုမိုကျပ်တည်းခက်ခဲလာနေပြီး အဆိုပါကိစ္စရပ်များ ပြေလည်လာစေရန် ဦးစားပေးတောင်းဆိုသွားမည်ဟု လွေးယေဦးက ဆက်ပြောသည်။
“ဆက်လက်ပြီးတော့မှ တွေ့ဆုံမယ်။ တွေ့ဆုံမှုတွေ ဖြစ်လာမယ်ဆိုရင် ဒီအချက်တွေအပေါ်မှာပဲ အခြေခံပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဓိက, ကတော့ လူထုတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု လွေးယေဦးက ဆိုသည်။
ဧပြီလနောက်ဆုံးပတ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စတင်ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ဘဲ ရောက်နေသည့်နေရာတွင် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် TNLA ဘက်က တောင်းဆိုခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှလည်း TNLA က သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်ပေးပြီး တအာင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် တောင်းဆိုခဲ့သောကြောင့် ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရသည်။
စစ်ကောင်စီနှင့် TNLA နှစ်ဖက်လုံးက ငလျင်ထူထောင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလကို ဇွန်လကုန်အထိ တစ်လ ထပ်မံသက်တမ်းတိုးထားကြသော်လည်း စစ်ကောင်စီဘက်မှ နောင်ချို၊ တောင်းခမ်းကျေးရွာတွင် စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းများရှိနေသည်ဟု လွေးယေဦးက ပြောသည်။
ထို့ကြောင့် နောင်ချို့မြို့နယ်အတွင်း၌ နှစ်ဖက်ကြားတိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ခံအများစုမှလည်း ဘေးလွှတ်ရာသို့ ဇွန်လ ပထမပတ်မှစတင်၍ တိမ်းရှောင်နေကြပြီ ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။
NMG ပေးပို့သည်။