PPST မှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ စာတင်ထား

0
468

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ (NMSP) စာတင်ထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် နှုတ်ထွက်ရန် စာကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စာတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စကို လာမည့်အစည်းအဝေးတွင် ဆွေးနွေးသွားရန်ရှိသည်ဟု PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“နုတ်ထွက်စာတင်ထားပြီးတော့ အားလုံးနဲ့ ဆွေးနွေးမယ်။ အဓိကကတော့ ဘယ်လိုမျိုး အကြောင်းကြောင့် ထွက်ရတယ်ဆိုတာလေးလည်း သိချင်တယ်။ ဒါကြောင့် ကျနော်တို့ လာမယ့် အစည်းအဝေးကြမှပဲ ဆုံးဖြတ်မယ်ပေါ့။ ဒါပေမဲ့ PPST မှာ ပါဝင်တယ်ဆိုတာက တစ်ဖွဲ့ချင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ကျနော်တို့က လေးစားတော့ သူ့အဖွဲ့နဲ့ သူ ကိုယ်ပိုင်ဆုံးဖြတ်တာကိုတော့ ကျ‌နော်တို့က လေးစားလိုက်နာရမှာပေါ့။ သို့သော်လည်းပဲ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်ကိုတော့ ရသလောက်တော့ ယူရမှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီခေါင်းဆောင်နေရာတွင် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူသွားခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းက ဆက်လက် တာဝန်ယူခဲ့သည်။

PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်ထားခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသလို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းလည်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီ အနေဖြင့် PPST မှ အလုံးစုံနုတ်ထွက်ခြင်း မဟုတ်ကြောင်း၊ ပူးပေါင်းမှု အချို့ရှိနေမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

“နောက်ခံသမိုင်း ဘာကြောင့်လဲပဲ ကျနော်လည်း မသိဘူး။ သို့သော်လည်းပဲ လုံးလုံး နုတ်ထွက်သွားတာ‌တော့ မဟုတ်ဘူးပေါ့ အပေါင်းလက္ခဏာလေးပေါ့၊ ကျနော်တို့ ဆီမှာ အပေါင်းလက္ခဏာ ၃ ဖွဲ့ရှိတယ်၊ PPST Plus 3 လို့ ခေါ်တယ်၊ ၃ ဖွဲ့ကတော့ CNF ရယ်၊ KNU ရယ် RCSS ရယ်၊ အဲဒီ ၃ ဖွဲ့ထဲမှာမှ RCSS က ပူးပေါင်းဆောင်ရွက်မှု များတယ်ဗျ။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နေရာမှာ သူတို့ ပါတယ်။ ဥပမာဆိုရင် ကျနော်တို့ရဲ့ နိုင်ငံခြားရေး ကော်မတီမှာ ပါတယ်ဗျာ။ နောက်ပြီးတော့ အာဆီယံ အထူးကိုယ်စားလှယ်ဖိတ်လို့ သွားသော်လည်းပဲ RCSS ကိုယ်စားလှယ် လိုက်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ရိက္ခာတွေ ဘာတွေ နိုင်ငံတကာပေးတာတွေပေါ့ အားလုံးကိုလည်းပဲ သူတို့က ရယူတယ်ဗျ။ ကျနော်တို့ အမှုဆောင်ထဲမှာ လုပ်ငန်းထဲမှာ တချို့ ထဲထဲဝင်ဝင် အစုမပါတာ တစ်ခုပါပဲ။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုကတော့ မြင့်ပါတယ်” ဆိုသည်။

PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

အဆိုပါ အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် RCSS၊ KNU နှင့် CNF တို့က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP) သည်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခဲ့သည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here