PDF ကို ငွေကြေးထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် သံဖြူဇရပ်ဒေသခံ ၆ ဦး ထပ်မံဖမ်းဆီးခံရ

0
450
ပုံစာ - သံဖြူဇရပ်မြို့ခံ ၆ ဦးများကို ဖမ်းဆီးထားသည့် ဝဲကလိစစ်ကြောရေးစခန်း။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှ ဒေသခံ ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ထံ ငွေကြေးထောက်ပံ့ နေသည်ဟုဆိုပြီး စစ်ကောင်စီတပ်က နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ဝါခရူကျေးရွာနေ အသက် ၂၀ အရွယ်ဝန်းကျင် ခန့်မင်းသူဆိုသူကို အွန်လိုင်းပေါ်တွင် (Page ) ထောင်၍ PDF တပ်ဖွဲ့အတွက် အလှူငွေကောက်ခံသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထားသည်။

ယင်းနောက် အဆိုပါအမှုဖွင့်ခံထားရသည့် ခန့်မင်းသူထံတွင် အလှူငွေ ပါဝင်လှူဒါန်းထားသည်ဟုဆိုပြီး မတ်လ၂၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဝါခရူကျေးရွာနေ အဆိုပါ ဒေသခံ ၅ ဦးကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည် ဟု ဝါခရူဒေသခံတစ်ဦးက ပြောသည်။

“ဝါခရူမှာ ၅ ယောက် ထပ်ဖမ်းသွားတာက အရင်အဖမ်းခံရတဲ့ တစ်ယောက်နဲ့ပေါင်းပြီး PDF ထံ သူတို့တွေက ငွေစုပြီး အလှူငွေထည့်ကြ တစ်လဆို ၅၀၀၀ အဲ့လိုပေါ့၊ အဲ့တာနဲ့ ဒီဒေသခံ ၅ ယောက်က သေသေချာချာ သိထားတာမရှိဘဲ အလှူပေးတဲ့သဘောမျိုးပဲ နားလည်ကြတာ” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင်လည်း သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် လူငယ်တစ်ဦးကို ကွင်းဆက်ထောက်ပို့သူဟုဆိုပြီး စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့သည်ဟု အဆိုပါဝါခရူဒေသခံက ဆက်ပြောသည်။

ဝါခရူကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဒေသခံ ၆ ဦးသည် အသက် ၁၈ နှစ်ဝန်းကျင် အမျိုးသား၂ ဦးနှင့် အသက် ၄၀ အရွယ်ဝန်းကျင် အမျိုးသား ၃ ဦးတို့ ဖြစ်သည်ဟု ဝါခရူရွာခံတို့ထံမှ သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် သံဖြူဇရပ်မြို့ခံ ၆ ဦးလုံးကို ဝဲကလိစစ်ကြောရေးတွင် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၀(ည) ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်ထားကြောင်းလည်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း အဆိုပါဖမ်းဆီးခံရသူများနှင့် ဆက်စပ်သက်ဆိုင်သူတို့ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲတို့က လိုက်လံရှာဖွေလျက်ရှိရာ လက်ရှိတွင် တိမ်းရှောင်နေရသူများလည်းရှိကြောင်း သံဖြူဇရပ်မြို့ခံ တစ်ဦးက ဆိုသည်။

“သံဖြူဇရပ်နဲ့ ဝါခရူဘက်မှာ သူတို့ (စစ်ကောင်စီ) စစ်ဆေးနေသေးတယ်၊ သူတို့ သတင်းအစအန ရထားတဲ့ ၃ ယောက် ကို ပတ်သတ်သူဆိုပြီး လိုက်ရှာနေသေးတယ်။ တချို့နည်းနည်းပတ်သတ်နေတဲ့သူတွေဆို ရှောင်သွား ကြတာလည်းရှိတယ်၊ လက်ရှိအဖမ်းခံထားရတဲ့သူတွေရဲ့ မိသားစုတွေက ငွေကြေးပေးပြီး ပြန်လွှတ်ပေးဖို့ ညှိနေကြတာ ရှိတယ်ပေါ့” ဟု အဆိုပါသံဖြူဇရပ်မြို့ခံက ပြောသည်။

ယခုမတ်လအတွင်း သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီဘက်မှ PDF ထောက်ပို့ဟု စွပ်စွဲခံထားသူ ၇ ဦးအထိ ဖမ်းဆီးခံထားရပြီး၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း PDF တပ်ဖွဲ့ဝင်ဟုဆိုပြီး သံဖြူဇရပ်မြို့ခံ ၁ ဦးကို အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်အရ အာဏာသိမ်းကာလ အတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး၊ အများစုက ထောင်ဒဏ်အပြစ်ဒဏ် ချမှတ်ထားခံရကြောင်း ဖော်ပြထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here