NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့အဝင် လမ်းများအားလုံး စစ်ကောင်စီပိတ်ပင်ထား

0
217
ပုံစာ - ကောလင်းမြို့တွင်းတနေရာ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့သို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများအားလုံးကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်ပြီး ပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်းသိရသည်။ 

ကသာမြို့မှ ကောလင်းမြို့သို့ ပြေးဆွဲသည့်လိုင်းကားများကို အင်းတော်မြို့မှ ပိတ်ဆို့ထားသလို  မန္တလေးမြို့မှ ကောလင်းမြို့သို့ ဆက်သွယ်သွားလာသည့် လမ်းပိုင်းကိုလည်း ကျောက်တန်းလမ်းဆုံတွင် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ယာဉ်လိုင်းများနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
“ကသာကနေ မှ ကောလင်းကိုသွားတဲ့ ကားတွေကျတော့  အင်းတော်မှာ ပိတ်ထားတာ၊ အဲ့ဒါက စစ်တပ်က ပိတ်ထားတာ၊ ကသာက တက်တဲ့ကားတွေ မှန်သရွေ့ ကောလင်းကိုသွားမယ်ဆိုရင် ပြန်လှည့်ခိုင်းတာ။ အင်းတော်မှ စပြီးတော့မှ ပိတ်ထားတာ၊ မန္တလေးဘက်ကနေ တက်တဲ့ကားတွေကိုကြတော့ ကျောက်တန်းမှာ ပိတ်ထားတာ၊ ကောလင်းအဝင် ချိုးဝင်တဲ့ဘက်ကို ပိတ်ထားတာ” ဟု ၎င်းက ဆိုသည်။
ကောလင်းမြို့ကို ဝင်ရောက်နိုင်သည့် လမ်းမကြီးများဖြစ်သည့် ကျောက်တန်းလမ်းဆုံတွင် စစ်ကောင်စီတပ်က ဂိတ်စခန်းတစ်ခု ပြုလုပ်ပြီး  ပိတ်ထားသလို ကောလင်းမြို့သို့သွားမည့် ယာဉ်လိုင်းများအားလုံးကိုလည်း ကန့်သတ် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။
ကောလင်းမြို့ကို NUG သိမ်းပိုက်ထားပြီး ၂ လ နီးပါးအကြာမှာ စစ်ကောင်စီက မြို့ကိုဝင်ရောက်နိုင်သည့် လမ်းများကို စတင်ပိတ်ဆို့ခြင်းလည်း ဖြစ်သည်။
“ကောလင်းက PDF နယ်မြေတွေ ဖြစ်တယ်ဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ဆို့တဲ့ သဘောပေါ့။ စားသောက်ကုန်တွေ ဖြတ်တော့မယ်နဲ့ တူပါတယ်” ဟု စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက မှတ်ချက်ပြုပြောသည်။
စစ်ကိုင်းတိုင်းအတွင်း NUG နှင့် ဒေသကာကွယ်ရေး တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည့် မြို့များဖြစ်သော မော်လူးမြို့၊ ရွှေပြည်အေးမြို့များ၏ လမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ပင်ခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကောလင်းမြို့ကို NUG ၏  PDF တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ မြို့ကို ပြန်လည်အသက်ဝင်အောင် လုပ်ဆောင်ထားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here