NCA အပစ်ရပ် ၇ ဖွဲ့က မဟာမိတ်အဖွဲ့ 7 EAO Alliance ဖွဲ့ပြီး ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးလုပ်ဆောင်သွားမည်ဟုဆို

0
195

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၇ ဖွဲ့က မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်သွားမည်ဟု မတ်လ ၁၈ ရက်နေ့ က ထုတ်ပြန်ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ရက်တာ ပြုလုပ်ကျင်းပခဲ့သော အပစ်ရပ်အဖွဲ့ ၇ ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးအတွက် အဆိုပါမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု စည်းဝေးပွဲအပြီးထုတ်ပြန်ချက်အရ သိရသည်။

“လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ စစ်ရေးပိုပြီးကျယ်ပြန့်လာပြီးတော့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက နည်းလာတယ်။ ကျနော်တို့ 7 EAO Alliance အဖွဲ့ ဖွဲ့ရတာကလည်း အဲဒီနိုင်ငံရေးဆွေးနွေးမှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ နယ်မြေအခြေအနေနဲ့ပတ်သက်လို့ အကောင်အထည်ဖော်ရာမှာ အခက်အခဲရှိမယ် ဆိုပေမယ့် ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပြောသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအကာအကွယ်ပေးရေးတွင် တာဝန်ရှိသည်ကို သိရှိစေခြင်း၊ သက်ဆိုင်သူများ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်ခြင်းတို့ကိုလည်း မဟာမိတ် အဖွဲ့အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲ ပြင်းထန်နေတဲ့ အနေအထားမှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့လုပ်ငန်းတွေ နိုင်ငံရေးလုပ်ငန်းတွေက တကယ်တမ်း လုပ်ဆောင်နိုင်မှာလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါပဲ” ဟု အပစ်ရပ်အဖွဲ့များ၏ ထုတ်ပြန်ချက်အပေါ် သုံးသပ်ပြောဆိုသည်။

ထို့အပြင် နိုင်ငံရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ရန် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းတို့ကို တာဝန်ပေးအပ်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့-PPST အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော အပစ်ရပ်အဖွဲ့ ၇ ဖွဲ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(RCSS), မွန်ပြည်သစ်ပါတီ (NMSP), ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP), ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO), လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU), ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA), ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ပါဝင်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပဋိပက္ခများကြောင့် ပအိုဝ်းအဖွဲ့က စစ်ကောင်စီအား တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ တော်လှန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် လုပ်ဆောင် လျက်ရှိသလို မွန်ပြည်သစ်အဖွဲ့မှ ခွဲထွက်လာသော နိုင်ဇေယျာဦးဆောင်သည့် NMSP-AD အဖွဲ့ကလည်း မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအစုအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်လျက်ရှိပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here