MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံရ

0
268

MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို မေလ ၂၆ ရက်နေ့က ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံ ခဲ့ရကြောင်း မိသားစုအသိုင်းအဝိုင်းထံက သိရှိရသည်။

“မနေ့ ၅၀ (ည) နဲ့ ထောင် ၁၀ နှစ်ထပ်ချတယ်ပေါ့။ သူတို့ကာလမှာ သူတို့တပ်တဲ့ပုဒ်မတွေက ဘယ်ဟာမှ ဘောင်မဝင်ဘူး။ တပ်ချင်သလိုတပ် စွဲချင်သလိုစွဲ ချချင်သလိုချနေတာပါဗျာ” ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မမှူးရတနာခက်မို့မို့ထွန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် သတင်းရယူနေစဉ် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်မှုကို ကားဖြင့်တိုက်၊ သေနတ်ပစ်ဖမ်းဆီးမှုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွင်း ၎င်းအပါဝင် (၅) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးအထိ ဖမ်းဆီးခြင်းခံခဲ့ ရကြောင်း သိရှိရသည်။

ထိုအချိန်က စ၍ မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက ၅၀၅ – က ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလပိုင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားခဲ့ကြောင်း သိရှိရသည်။

ထပ်မံပြီး ၎င်း၏ Kpay အကောင့်မှ ငွေဝင်ငွေထွက်အပေါ် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ကူညီမှုများ ပြုလုပ်သည့်ဆိုသည့် စွပ်စွဲချက်ဖြင့် ၅၀ (ည)ဖြင့် ပူးတွဲတရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

“တရားလိုဘက်က သက်သေအထောက်အထား ခိုင်လုံအောင် မပြနိုင်လို့ ငြင်းဆိုနေတဲ့ ကြားက သူတို့ မိန့် သူတို့အာဏာနဲ့ မရရအောင်ချမှတ်လိုက်တယ်ပဲမြင်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်က အယူခံ ဆက်မတက် တော့ဘူးလို့ ပြောပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ် သက်သေမခိုင်လုံတာတောင် ချမှတ်တာဆိုတော့လဲ”ဟု ၎င်းအမှုအား လိုက်ပါကူညီပေးနေသူတစ်ဦးက ပြောသည်။

မမှူးရတနာခက်မို့မို့ထွန်းသည် စစ်ကောင်စီ၏ ကားဖြင့်တိုက်ခံရမှုကြောင့် ခြေသလုံးရိုး အစားထိုးခွဲစိတ်ကုသခံထားရပြီး ချိုင်းထောက်နှင့် ဝှီးချဲအသုံးပြုနေရကြောင်း သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here