
စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန် စစ်ကောင်စီတပ်ကို တိုက်ထုတ်ခဲ့သည့် ကိုးကန့် MNDAA တပ် ကိုယ်တိုင် လက်ရှိချိန်တွင် ၎င်းတို့သိမ်းပိုက်ထားသည့် မြို့နယ်အတွင်း အရပ်သားများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှု ဆက်တိုက်ရှိနေသည်ဟု အမည်မဖော်လိုသည့် ဒေသခံတချို့က ထုတ်ဖော်ပြောဆိုသည်။
ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကြမ်းတမ်းတယ် ခြိမ်းခြောက်တယ်။ တစ်ခုခုဆိုရင်လည်း ရွာက ပြည်သူတွေကို အတင်းအဓမ္မခိုင်းစေတယ်။ လမ်းသွားလမ်းလာ ဘာမဟုတ်လည်း စစ်ဆေးတင်းကြပ်တာတွေ လုပ်တယ်။ သူတို့က ပိုဆိုးပြီး အာဏာရှင်ထက်ဆိုးတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် အွန်လိုင်းလိမ်လည် လုပ်ငန်းများကို တိုက်ဖျက်ရန် ရည်ရွယ်ပြီး စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်အဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း ရှမ်းမြောက်ရှိ မြို့ပေါင်း ၈ မြို့နယ် အပါအဝင် စစ်ကောင်စီ စခန်းပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စသည့် မြို့များ ကို MNDAA နှင့်အတူ မဟာမိတ်ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီး ဟိုပန်နှင့် ပန်လုံမြို့တွေကို UWSA ‘ဝ’ တပ်ဖွဲ့က သိမ်းယူထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA, TNLA နှင့် AA တို့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ၂ လအကြာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိုနှိုင်းပေးမှုနှင့် အပစ်ရပ်ခဲ့ကြပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့သည် နယ်မြေဒေသခွဲဝေပြီး အုပ်ချုပ်ရေးစနစ်ကို ထိန်းချုပ်ဆောင်ရွက်နေပြီဖြစ်သည်။
ကိုးကန့် MNDAA တပ်ဖွဲ့သည် လားရှိုးမြို့အရှေ့ဘက်ဒေသတစ်ခုလုံးအပါအဝင် မုံးကိုး-ဖောင်းဆိုင် တရုတ်နယ်စပ် ဒေသအထိ သိမ်းပိုက်နေရာယူထားသည်။ ထိုသို့ MNDAA ထိန်းချုပ်မှု အုပ်ချုပ်ရေးစနစ်အောက်တွင် ဒေသခံ ပြည်သူတချို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ခပ်စိပ်စိပ် ဖြစ်လာနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတချို့က ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသခံ အသက် ၃၄ နှစ်အရွယ် ကချင်အမျိုးသား ကိုဇော်ဆိုင်း (Zau Seng) ကို ကိုးကန့်တပ် MNDAA က သတ်ဖြတ်ပြီး အလောင်းဖျောက်ထားသည်ကို ဒေသခံများနှင့် မိသားစုဝင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
သတ်ဖြတ်ခံရသူသည် စိတ်ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး မိခင်အိုနဲ့ အသက် ၁၀ နှစ်အောက် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ကောင်းခါးဒေသခံများက ကိုးကန့်တပ် MNDAA ကို ဖြေရှင်းချက်တောင်းဆိုရာတွင် ကိုးကန့်တပ်ဘက်က ဖမ်းဆီးစစ်ဆေးချိန် လက်လွန်သွားတာဖြစ်ပြီး နစ်နာကြေးမပေးနိုင်ကြောင်း ကိုးကန့်တပ်က ပြန်ပြောဆိုသည်ဟု ကောင်းခါးဒေသခံ အမျိုးသားတစ်ယောက်က ပြောပါသည်။
“ဒီဖြစ်စဉ်က လုံး၀ကို မဖြစ်သင့်တဲ့ဖြစ်စဉ် ဖြစ်တယ်။ သူတို့ရဲ့ရန်သူ လက်နက်ကိုင်ဆောင်သူလည်း မဟုတ်ဘူး။ ဘာအပြစ်မှမရှိတဲ့ ပြည်သူတစ်ဦး ဖြစ်တယ်။ ပြည်သူတစ်ဦးရဲ့အသက်ကို တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ် သလိုမျိုး သတ်ဖြတ်ပြီး တာဝန်ယူမှု မလုပ်တာက လုံး၀မဖြစ်သင့်ဘူး။ အခုချိန်က ကျနော်တို့ပြည်သူတွေ သူတို့ လက်နက်ကိုင်သူတွေနဲ့ အတူနေထိုင်နေရတဲ့ အချိန်ဖြစ်တယ်။ သူတို့အခုလို ပြည်သူကို လုံခြုံရေး မပေးနိုင်ဘူးဆိုရင် ကျနော်တို့ဘယ်သူ့ထံ အားကိုးရမလဲ။ ပြီးတော့ ဒီလိုဖြစ်လာတဲ့အပေါ် ကိုးကန့်ကျူးလွန်တဲ့ ဖြစ်စဉ်ကို KIO အစိုးရကို တင်ပြတယ်။ KIO လည်း တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘူး။ ဆိုတော့ ကျနော်တို့ ပြည်သူတွေပဲ နေရခက်တာဖြစ်တယ်” ၎င်းက ဆက်ပြောဆိုသည်။
ယင်းကဲ့သို့ အရပ်သားသတ်ဖြတ်ခံရမှုသည် ကွတ်ခိုင်မြို့နယ် ကောင်းခါး၊ ဟိုမင်ကျေးရွာတို့သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မူဆယ်မြို့နယ် မုံးကိုးမြို့ဘက်တွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားမှုရှိကြောင်း ဒေသခံတချို့က ပြောသည်။
မုံးကိုးဒေသခံကချင်အမျိုးသမီးတစ်ဦးက “ကိုးကန့်က တခုခုဆို သူ့အမိန့်အတိုင်းပဲ၊ ဘာမှ ညှိနှိုင်းလို့ မရဘူး။ အခုက ကျနော်တို့နယ်မြေ ဟုတ်ပြီဆိုတဲ့ပုံစံနဲ့ ပိုင်စိုးပိုင်နိုင် ပြည်သူကို ဖိနှိပ်နေတယ်လို့ ခံစားရတယ်။ တရုတ်အချင်းချင်း ဆိုရင်တော့ ကူညီကာကွယ်ကြပြီး တခြား ရှမ်း၊ ဗမာ၊ ပလောင်၊ ကချင်တွေကို ဖိနှိပ်တယ်။ ကြည့်ရင်တော့ လူမျိုးရေးခွဲခြားတာဟုတ်တယ်” ဟု သူ၏အမြင်ကို ပြောပါသည်။
မုံးကိုးမြို့တွင် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကိုးကန့် MNDAA က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြောင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပေမယ့် တာဝန်ယူမှုတာဝန်ခံမှု တစုံတရာမရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မုံးကိုးမြို့အတွင်းက အဆောက်အဦးတစ်ခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို MNDAA တပ်က သွားရောက်မောင်းထုတ်ခဲ့သည့်အပြင် တချို့နေရာများ၌ ခိုလှုံနေသည့် စစ်ရှောင်များကိုလည်း MNDAA ဘက်က မောင်းထုတ်သည့်ဖြစ်စဉ်များ ရှိနေသည်ဟု ၎င်းတို့က ပြောသည်။
ယခုလိုကိစ္စရပ်များနှင့် ပတ်သက်ပြီး မုံးကိုးမြို့ ကိုးကန့်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများထံနှင့် ကိုးကန့်တပ် MNDAA ပြောရေးဆိုခွင့်အဖွဲ့ထံ ကြိုးစားဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပါ။
ကွတ်ခိုင်ဒေသခံအမျိုးသားက “အာဏာရှင်ကို အလိုမရှိလို့ အာဏာရှင်ကို တိုက်ထုတ်နေပါတယ်ဆိုမှ သူတို့က အာဏာပြန်ရူးလာတော့ မကောင်းဘူးလေ။ သူတို့က လက်နက်ကိုင်သူတွေ၊ ပြည်သူတွေက လက်နက်မရှိတဲ့ သူတွေဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေကို ဦးဆောင်ထိန်းချုပ်တဲ့အခါ လူ့အခွင့်အရေးကို လေးစားပြီး ဦးဆောင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့လည်း အဲဒါပဲ လိုချင်တာပါ” ဟု ပြောဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ကိုးကန့်တပ်က သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေတချို့၌ အရပ်သားများ အကြောင်းမဲ့သတ်ဖြတ်ခံရမှုနှင့် တာဝန်ယူမှုမရှိသည့် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများက ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
KNG ပေးပို့သည်။