MNDAA က လားရှိုးမြို့ခံအရပ်သားများ နေအိမ်ပြန်လာနေထိုင်ရန်ပြောသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုရှိနေကြ

0
143
ပုံစာ - လားရှိုးမြို့၊ မန်ဆူသျှမ်းကျောင်းတွင် MNDAA က အရပ်သားများကိုဆန်ပေးဝေနေစဉ်။

သျှမ်းပြည်၊ လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ်စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် MNDAA က ပြောဆိုနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ကိုးကန့်တပ်က ပြန်ခေါ်တော့ မြို့ထဲ ၄ ပုံ ၁ ပုံလောက် ပြန်လာနေကြပြီလို့ ပြောရမလား။ ရပ်ကွက် (၉)၊ (၁၀)၊ (၁၂) ဘက်တွေက ရမခ တိုင်းရုံးနဲ့နီးတော့ လုံခြုံမှု မရှိလို့ အားလုံးက ထွက်ပြေးရတယ်၊ အိမ်စောင့်လည်း မကျန်ဘူး။ အခုကတော့ နည်းနည်းငြိမ်နေတယ်။ သူခိုးကတော့ ရပ်ကွက်တိုင်းရှိနေတာ” ဟု လားရှိုးမြို့သို့ နေရပ်ပြန်သွားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ လားရှိုးမြို့ရှိ ဗုံးဆံထိမှန်ပြီး လုံးဝနေထိုင်မရတော့သည့် နေအိမ်များကိုလည်း MNDAA ထံ အိမ်ထောင်စု၊ မှတ်ပုံတင်နှင့်အတူ သက်သေများနှင့်တကွ စာရင်းပေးသွင်းရန်လည်း ပြောဆိုထားပြီး ပြန်လည်ထူထောင်ရေးအတွက် MNDAA က မည်ကဲ့သို့ တာဝန်ယူမည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“နေအိမ်ပြန်နေဖို့ ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် မေးချင်တာက ပြည်သူတွေကို တကယ် လုံခြုံရေး ပေးနိုင်လားဆိုတာ။ အခုက စစ်ပွဲ တကယ်ပြီးသေးတာ မဟုတ်ဘူး။ သိန္နီတို့ လောက်ကိုင်တို့လို လေယာဉ်နဲ့ ဗုံးထပ်လာကြဲရင် ကျမတို့ကို တာဝန်ယူပေးနိုင်မလား၊ လုံခြုံရေး အာမခံပေးနိုင်လားဆိုတာ MNDAA ကို မေးချင်တယ်” ဟု လားရှိုးမြို့ဒေသခံအမျိုးသမီးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ အုပ်ချုပ်ရေးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လွှဲယူလိုက်ကြောင်း ကြေညာထားပြီး ‘ဝ’ တပ်ဖွဲ့ UWSA ကလည်း ၎င်းတို့၏ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ လားရှိုး မြို့ပေါ် ‘ဝ’ တပ်ဖွဲ့ လုံခြုံရေးအဖွဲ့ဝင်များ နေရာယူထားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုအန္တရာယ်စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထံ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ရမခ တိုင်းမှူးသစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံခန့်အပ်ခဲ့ပြီး သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့တွင် အထိုင်ချပြီး တပ်ပြန်လည်စုဖွဲ့မည်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဩဂုတ်လ ၁၂ ရက်တွင် ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here