MNDAA က လားရှိုးမြို့ပေါ်ရပ်ကွက်များအား မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

0
145
ပုံစာ - လားရှိုးမြို့ တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံ။

သျှမ်းပြည်၊ လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယခု ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလမှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်အချို့တွင် မီတာခနှင့် အမှိုက်ခွန်များကို ကောက်ခံတော့မည်ဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောသည်။

“မီးက အိမ်ဘက် ခုထိမလာသေးဘူး။ သူများနေရာတွေ လာကုန်ပြီ၊ ဒီဘက်ရပ်ကွက် တခါမှမလာသေးတာ။ ဒါကို နှစ်ဆန်းပိုင်းကစပြီး မီတာခ စကောက်တော့မယ်။ အဲ့လိုတော့ ကြားနေတာပဲ၊ အမှိုက်ခွန်လည်း ကောက်တော့မှာ” ဟု လားရှိုးဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်တချို့တွင် ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ လျှပ်စစ်မီး ပြန်လည် ရရှိနေသော်လည်း မီတာခ ကောက်ခံခဲ့ခြင်းမရှိဘဲ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ကာ လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၁၅၀၀ ဝန်းကျင် စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မီတာခကောက်မယ်ဆို အိမ်တိုင်း မီးလင်းမှလေနော်၊ အခုက ရပ်ကွက်တိုင်း မီးမလင်းသေးဘူး။ မီတာခထက် အိမ်တိုင်း မီးပြန်ရစေချင်တယ်။ မီးရမှပဲ အလုပ်ဖြစ်မှာ စီးပွားလုပ်လို့ရမှာ။ ဒီမှာ ဆိုင်ခန်းဖိုးရော ကုန်သယ်ရင် ကုန်ဖိုးရော အခွန်ဆောင်ရတာပဲ။ ကားခနဲ့ဆို ဈေးတက်တာ မပြောနဲ့လေ။ နောက်ထပ် အမှိုက်ခွန် လာဦးမယ်” ဟု လားရှိုးမြို့မှ တပိုင်တနိုင်ကုန်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လျှပ်စစ်မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

လားရှိုးမြို့ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ကိုးကန့်တပ်ဖွဲ့က တိုက်ပွဲအတွင်းပျက်စီးသွားသည့် 33 KV ပင်မ ဓာတ်အားလိုင်း လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များကို ယမန်နှစ် စက်တင်ဘာလမှ စတင်၍ ပြန်လည်ပြင်ဆင်ခဲ့ရာ ညဈေးနှင့် ရပ်ကွက်အချို့တွင် လျှပ်စစ်မီးရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ နမ့်မျှော် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် နားမခေါ် လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ အောက်တိုဘာလအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ဓာတ်အားထိန်းချုပ်ခန်း၊ လျှပ်စစ်မီးကြိုးများ ပျက်စီးသွားပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ရပ်တန့်ခဲ့ရကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here