KNU/KNLA ခေါင်းဆောင်တချို့ နေရာလု၊ အပြောင်းအလဲပြုလုပ်သည့်သတင်းက သတင်းအမှားဖြစ်ကြောင်း KNU ပြော

0
130
Photo - KIC

ကရင်အမျိုးသားအစည်းအရုံး – KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA အတွင်း နေရာလုမှု ဖြစ်ပွားခဲ့ပြီး ခေါင်းဆောင်နေရာတချို့ အပြောင်းအလဲပြုလုပ်သည်ဆိုသော သတင်းများမှာ စစ်ကောင်စီက KNU ၏ လုပ်ဆောင်ချက်များကို ပျက်စီးစေလိုသဖြင့် ဖြန့်ဝေသောသတင်းမှားသာဖြစ်ကြောင်း KNU က ပြောဆိုသည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “ ဒါက သတင်းအမှားပါ။ သတင်းထဲမှာပါလာတဲ့ ခေါင်းဆောင်တွေရဲ့ အမည်ကို ပြန်ကြည့်တော့ ခေါင်းဆောင်တွေက ဘာမှမသိကြဘူး။ သတင်းထွက်လာတဲ့အချိန်မှာ မိမိအလုပ်မိမိ လုပ်ဆောင်နေတဲ့အချိန် ဖြစ်တယ်။ KNU ရဲ့ထိပ်ပိုင်း ခေါင်းဆောင်တွေကိုမှ ပစ်မှတ်ထားပြီး သတင်းမှားဖြန့်တဲ့ ကိစ္စက KNU ရဲ့ အတွင်းရေးကိစ္စ KNU ရဲ့ လက်ရှိဆောင်ရွက်နေတဲ့အရာကို ပြိုကွဲစေချင်လို့ ကျဆုံးစေချင်လို့ပဲ ကျနော်တို့ မြင်ပါတယ်” ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့၌ KNU/KNLA တွင် နေရာလုမှု ဖြစ်ပွားပြီးနောက် KNLA ၏ လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအား ရာထူးမှ ဖယ်ရှားခဲ့သလို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး ကိုလည်း KNU နာယကနေရာမှ ထုတ်ပယ်လိုက်သည့် သတင်းများသည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှ စတင်၍ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းအမှားနှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် KNU ၏ လုပ်ဆောင်ချက်များအား ပျက်စီးစေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးသည့် သတင်းမှားသာဖြစ်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါသည်။

ထို့အပြင် စစ်ကောင်စီသည် လူထုထံသို့ သတင်းအမှား ဖြန့်ဝေခြင်းကို အမြဲတစေလုပ်ဆောင်လေ့ရှိပြီး သတင်းမှား ဖြန့်ဝေသည့် လုပ်ဆောင်ချက်အပေါ်တွင်လည်း များစွာအားကိုးအားထားပြုလျက်ရှိကြောင်းကိုလည်း KNU ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည်သူများ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြသည်တွင် စစ်ကောင်စီက KNU ကဲ့သို့ အာဏာရှင်စနစ်ဆန့်ကျင်၍ တော်လှန်ရေး လုပ်ဆောင်နေကြသူများအပေါ် ပြည်သူလူထု အထင်မှားစေသည့် သတင်းတု၊သတင်းမှား ဖြန့်ဝေမှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း သတင်းတုသတင်းမှားများ ဖြန့်သည့် ဒီဂျစ်တယ်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာချက်အရ သိရသည်။

ယင်းပလက်ဖောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖြန့်ဝေမှု အင်တိုက်အားတိုက် လုပ်ဆောင်နေသလို KNU/KNLA ခေါင်းဆောင်နေရာ အပြောင်းအလဲရှိသည်ဟု ဆိုထားသော အဆိုပါသတင်းမှားများကိုလည်း ပါဝင်သူ သောင်းနှင့်ချီရှိသည့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချင်းချင်း ဆင့်ပွားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တဖက်တွင်လည်း စစ်ကောင်စီက VPN များကို ကန့်သတ်ပိတ်ဆို့ခြင်း၊ အသုံးပြုမှု တွေ့ရှိပါက ဖမ်းဆီးအရေးယူ သည့် လုပ်ရပ်များသည် ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၊ သတင်းအရင်းအမြစ်များနှင့် ပြည်သူလူထု အဆက်အသွယ် ပြတ်တောက်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ပြောဆိုသည်။

ထို့အတူ စစ်တပ်က KNU နှင့်ပတ်သက်ပြီး သတင်းမှား ဖြန့်ဝေနေမှုအပေါ် KNU ၏ နောက်ထပ်ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကလည်း စစ်ရေး၊ နိုင်ငံရေးရှုံးနိမ့်နေသော စစ်ကောင်စီအနေဖြင့် KNU အတွင်း နားလည်မှုပျက်ပြား၍ မညီမညွှတ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်ဟု ဇူလိုင်လ ၆ ရက်နေ့က ခေတ်သစ်မီဒီယာနှင့် အင်တာဗျုးမှတဆင့် တုံ့ပြန်ထားကို တွေ့ရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here