ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ အပေါ်ရေပူကျေးရွာအုပ်စု၊ ပဲကုန်းရွာ၊ သာသနာ့နယ်မြေအတွင်း အာဝါဒေး လောင်းကစားဝိုင်းများဖြင့် စည်ကားနေသည်မှာ တစ်လကျော်ကြာရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။
ပိုင်ကျုံမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး- KNU ၏ တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်အတွင်းရှိပြီး KNU နှင့် BGF ပါဝင်သည့် ကရင့်လက်နက်ကိုင်စည်းလုံးညီညွှတ်မှုကော်မတီက လောင်းကစားပပျောက်ရေး ညွှန်ကြားချက်ထုတ်ထားသည့် နယ်မြေလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သို့ရာတွင် BGF တပ်ဖွဲ့ဝင်တချို့ကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် လောင်းကစားဝိုင်းများနှင့်ပတ်သက်၍ BGF ခေါင်းဆောင်များက လူသိရှင်ကြား အရေးယူသတိပေးမှုမရှိသလို KNU အနေဖြင့်လည်း သတိပေးမှုရှိသည်ဆိုရုံသာဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ငါးပစ်ဂိမ်းလောင်းကစားများပါဝင်သည့် အဆိုပါအာဝါဒေးဝိုင်းသို့ ကျေးရွာတာဝန်ရှိသူ တချို့အပါအဝင် အနီးရှိ ဒေသခံအရွယ်စုံ လာရောက် ပျော်ပါးကစားကြခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ် – BGF လက်နက်ကိုင်အဖွဲ့ကလည်း လုံခြုံရေးယူပေးထားသည်ဟု သိရသည်။
ဒေသခံအမျိုးသားက “လုပ်နေတာ တစ်လကျော်ကြာပြီ။ မိန်းမနဲ့ကလေးတွေ လာဆော့တာ ပိုများတယ်။ BGF နဲ့ စီးပွားရေးလုပ်တဲ့ ပေါင်အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေလည်းပါတယ်။ လုံခြုံရေးယူထားပေးတာတော့ BGF တွေပေါ့။ ဟိုရက်က KWO တို့ KYO တို့ လာစစ်တဲ့နေ့တစ်ရက်ပဲ BGF လုံခြုံရေးယူတာ မတွေ့တာ။ မြင်းဆေးကတော့ KNU ရော BGF ရော ကိုင်တွယ်ဖြေရှင်းတာမို့လို့ အရင်ကလို သိပ်မပြန့်တော့ဘူး” ဟု ပြောဆိုသည်။
ခရိုင်အတွင်း လောင်းကစားလုပ်ကိုင်မည်ဆိုပါက ဘုန်းကြီးပျံပွဲနှင့် ဘုရားပွဲတော်များတွင်သာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံ လုပ်ကိုင်ရမည်ဖြစ်ပြီး လောင်းကစားရုံကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ နှစ်ချီ၊ လချီကျင်းပသည့် နှစ်ဆယ့်လေးနာရီလောင်းကစားဝိုင်း ဖွင့်လှစ်မှုပုံမျိုးကို ခွင့်မပြုကြောင်း KNU ဖားအံခရိုင် ဥက္ကဌပဒိုစောအောင်မော်အေးက ပြောသည်။
“တပ်မဟာ (၇) ထဲမှာ အာဝါဒေးလုပ်မယ်ဆိုရင် ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲကြီးတွေမှာပဲ လုပ်ခွင့်ရှိမယ်။ ဒါပေမဲ့ တင်ပြရမယ်။ နှစ်ချီလချီ နေ့နေ့ညည ဖွင့်ထားတာမျိုးတွေတော့ လုံးဝ ခွင့်မပြုပါဘူး။ ပိုင်ကျုံကိစ္စက ကျနော်တို့ဆီ တင်ပြလာတာ မရှိသေးဘူး။ ရှိတယ်ဆိုရင်တောင် KNU က မလုပ်ဘူး။ ပါဝင်ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့ကိုတော့ ဆက်သွယ်ပြောဆိုပြီး လိုက်နာဖို့ ပြောရမှာပေါ့” ဟု ပဒိုစောအောင်မော်အေးက ဆိုသည်။
ပွင့်လင်းရာသီ ရောက်လာပြီဖြစ်သဖြင့် ပိုင်ကျုံတဝိုက် အာဝါဒေးလောင်းကစားဝိုင်းများ ပြုလုပ်လာကြရာ မြို့နယ် တာဝန်ရှိသူများမှ အဖွဲ့အစည်းနှင့် ကျေးရွာအုပ်စုများအလိုက် ညွှန်ကြားစာများ ပေးပို့အကြောင်းကြားထား သော်လည်း အဖွဲ့အစည်း၊ တပ်ဖွဲ့ဝင်တချို့ ပါဝင်သည့် အာဝါဒေးဝိုင်းများက ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ကြောင်း ပိုင်ကျုံမြို့နယ် တာဝန်ရှိသူတချို့ ပြောပြချက်အရ သိရသည်။
၎င်းတို့အနေဖြင့် လောင်းကစားဝိုင်း လုပ်ဆောင်နေမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တားမြစ်မည်ဆိုပါက နှစ်ဖက်တပ်ကြား တင်းမာမှုဖြစ်ပေါ်လာနိုင်၍ လောင်းကစားကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်ရေးနှင့် အချိန်ကန့်သတ်ချက်ထားရှိ၍ လုပ်ဆောင်နေရသည်ဟု ပြောဆိုသည်။
ပိုင်ကျုံမြို့နယ်တာဝန်ရှိသူက “အထူးသဖြင့် ကျနော်တို့ရဲ့ အဖွဲ့အစည်းညီအစ်ကိုတွေ သူတို့ရဲ့အသုံးအစွဲတွေ လိုအပ်တဲ့အပေါ်မှာ လုပ်ကြတာရှိတော့ နားလည်မှုပေးဖို့ ပြောလာတာရှိတယ်။ သို့သော် ကျွန်တော်တို့က ဆူညံတာဆင်ခြင်ဖို့နဲ့ အချိန်ပြန်ကန့်သတ် ပေးတာပဲလုပ်တယ်” ဟု ပြောသည်။
ကရင်ပြည်နယ်တဖက်ခြမ်းတွင် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပေါ်နေသော်လည်း တဖက်တွင်မူ လက်နက်ကိုင်တချို့ပါဝင်ပတ်သက်သည့် လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိပြီး လောင်းကစားဝိုင်းနေရာအချို့ လူသိရှင်ကြား ထုတ်ဖော်ခံရမှု ရှိခဲ့သော်လည်း တစ်နေရာမှတစ်နေရာပြောင်း၍ ပြုလုပ်နေမြဲ ဖြစ်သည်။
ထို့အတူ အာဝါဒေးလောင်းကစားဝိုင်းများကြောင့် နောက်ဆက်တွဲ မူးယစ်ဆေးဝါးသုံးစွဲမှု များလာခြင်း၊ လူမှုစီးပွားထိခိုက်ခြင်းနှင့် ဒုစရိုက်လုပ်ငန်းများလည်း ကပ်ပါလျက်ရှိသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ပြောဆိုသည်။
KIC ပေးပို့သည်။