ကေအဲန်ယူတပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်ချောင်းနံဘေးရှိ လူနေအိမ်ခြေများအား ဖျက်သိမ်းရန်အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ပြီးခဲ့သည့်ဧပြီလမှစ၍ အမျိုးသားမြေယာကော်မတီဖွဲ့ကာ ဖယ်ရှားခိုင်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
အိမ်ခြေတစ်ရာခန့်ရှိသော အဆိုပါအိမ်တန်းများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက သက်ဆိုင်ရာမှမြေနေရာချထားပေးခြင်းမရှိသော်လည်း ငွေသောင်ယံဟု အမည်သတ်မှတ်ကာ နေထိုင်နေကြပြီး ယခုတွင် မြေနေရာပြန်လည်သတ်မှတ်၍ ရောင်းစားမည်ဖြစ်သဖြင့် လက်ရှိလူနေအိမ်ခြေများ ဖယ်ပေးရမည်ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက အသိပေးထားကြောင်း ဒေသခံများကပြောသည်။
ထို့အပြင် မကျည်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက နေရာမဖယ်ပေးလိုသော ဒေသခံများအား မြေတစ်ကွက်လျှင် မြန်မာငွေကျပ်နှစ်သိန်းပေး၍ နေနိုင်ကြောင်းပြောဆိုကာ ငွေကြေးကောက်ခံနေသည်ဟု ဒေသခံများနှင့်နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။
၎င်းက “မကျည်းတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက အိမ်မဖျက်ချင်ရင် တစ်အိမ်ကို မြန်မာငွေ ၂ သိန်းပေးဆိုပြီးတောင်းတော့ ပေးနိုင်တဲ့လူတွေက သွားပေးကြတာရှိတယ်။ မပေးနိုင်တဲ့သူကလည်း သူ့ကိုမျက်နှာသွားလုပ်ရတယ်။ အဲ့လိုလုပ်စားနေတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးနဲ့အတူ ရပ်မိရပ်ဖတချို့လည်းပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လက်မခံနိုင်သူဒေသခံများက သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးပြောပြထားပြီး ၎င်းမှတဆင့် ကေအဲန်ယူတပ်မဟာ (၃) မှ တာဝန်ရှိသူများထံ ဆက်လက်အသိပေးပြောကြားရန် အစီအစဥ်ရှိကြောင်း အမည်မဖော်လိုသူ မြေပြင်သတင်းအရင်းအမြစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင်က ချောင်းဘေးမှာမြေနုကျွန်းတွေပေါ်တော့ နေရာချမပေးဘဲနေရာဦးကြရင်းနဲ့ အိမ်တန်းတွေဖြစ်လာတာ။ အစဥ်အဆက်က အုပ်ချုပ်ရေးမှူးတွေကလည်း ငွေကြေးလက်ခံထားတာရှိတယ်။ အခုလည်း ရောင်းဖို့အသံတွေလွှင့်ပြီးပေါင်းစားနေကြပြန်ပြီ။ တပ်မဟာ (၃) နယ်မြေမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဆိုင်ရာစီမံခန့်ခွဲမှုတွေကို ဘာမှမလုပ်ရဆိုပြီး ကေအဲန်ယူဘက်က ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ပြောထားတာရှိတယ် ဆိုတော့ ဒီကိစ္စကို အသိပေးပြောပြသွားမယ်လို့ သိရတယ်။” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
ထို့အပြင် ရွှေကျင်မြို့နယ်အတွင်း လျှပ်စစ်မီတာခများအား အဆမတန်ကောက်ခံနေသည့်အပြင် မီးပုံမှန်ပေးခြင်းလည်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရွှေကျင်မြို့နယ်ရှိ ခြေတော်ရာနှင့်ကွက်သစ် ရပ်ကွက်များနှင့် ရှမ်းရွာကျေးရွာတွင်နေထိုင်သော အရပ်သားပြည်သူများအနက် စစ်ကောင်စီနှင့်နီးစပ်သူများအား ညောင်လေးပင်ခရိုင်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် စစ်ကောင်စီက အသိပေးဖယ်ရှားခိုင်းခဲ့ကြောင်း ကေအဲန်ယူက နိုဝင်ဘာလ (၂၃) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။