KNU က တပ်မဟာ (၃) နယ်မြေရှိ စစ်ကောင်စီ၏ မူသယ်စခန်းကို သိမ်းဆည်းပြီးဖြစ်ကြောင်း အတည်ပြုပြောဆို

0
198
Photo - KNU

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး – မူသယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ မူသယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က သိမ်းဆည်းနိုင်ပြီဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်က ထောက်ပို့သွားလာရေးအဖြစ် အသုံးပြုခဲ့သော အချက်အချာကျသည့် ကျောက်ကြီး-မူသယ် ကားလမ်းပေါ်ရှိ မူသယ်စခန်းအား ဇန်နဝါရီ ၃ ရက်နေ့က KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိပြီဖြစ်ကြောင်း ဒေသတွင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

ထိုသတင်းနှင့်ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးသို့ ဆက်သွယ်အတည်ပြုမေးမြန်းရာတွင် မူသယ်စခန်းကို သိမ်းဆည်းရမိခဲ့သော်လည်း လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ပြန်ပြောဆိုသည်။

ပဒိုစောကလယ်စေးက “စခန်းကတော့ အကုန်ရပြီ။ ဒါပေမဲ့ ပွဲက မပြီးသေးဘူး။ ရှင်းလင်းရမယ့်အရာတွေ ရှိသေးတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းရေး လိုက်လုပ်နေတာရှိတယ်။ လေယာဥ် ဗုံးကြဲတာတွေလည်း ရှိနေသေးတယ်လို့ကြားတယ်” ဟု ပြောပါသည်။

KNU တပ်မဟာ (၅) နယ်မြေအထိ ပေါက်ရောက်သည့် စစ်ကောင်စီ၏ မူသယ်စခန်းကို KNLA ဘက်က သိမ်းပိုက်ရမိရန် ကြိုးပမ်းနေစဥ် စစ်ကောင်စီဘက်က လေကြောင်းသာမက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ထိုအနီးဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများက ပြောဆိုသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၃ရက် မွန်းလွဲပိုင်းက အင်ဒိုင်းကုန်းရွာရှိ ဒေသခံတစ်ဦး၏နေအိမ်အနီးသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “မနေ့ (ဇန်နဝါရီ ၃ ရက်) ကတည်းက ဘန်ကာကျင်းနေရာ နည်းနည်းကလွဲပြီး စခန်းကြီးရဲ့ နေရာတော်တော်များများကို ရပြီလို့ ကြားတယ်။ စခန်းနဲ့ ကျနော်တို့နေရာက သိပ်မဝေးတော့ အကြီးသံတွေ ကြားနေရတယ်လေ။ အင်ဒိုင်းကုန်းရွာက အသက် (၁၅) နှစ်အရွယ် ကောင်မလေးတစ်ယောက်ဆို သူ့အမျိုးအိမ်ရောက်နေတာ။ အဲဒီအိမ်ဘက် လက်နက်ကြီးတစ်လုံးကျလို့ နည်းနည်းထိသွားတယ်” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် စစ်ကောင်စီဘက်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း စာရင်းနှင့်ပတ်သက်ပြီး KNU ထံ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက အဆိုပါလမ်းမတလျှောက် လမ်းချဲ့ထွင်မှုများပြုလုပ်၍ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီစခန်းများသို့ လမ်းအသုံးပြု ရိက္ခာပို့ဆောင်ရုံသာမက ၎င်းတို့ မသင်္ကာသည့်နေရာများသို့ ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်သွားလာကြရကြောင်း ပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီတပ်က ယင်းလမ်းမကြီးကို ရိက္ခာပို့ဆောင်ရေးအတွက် ဆက်လက် အသုံးပြုနေသောကြောင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သလို စစ်ကောင်စီက ကျေးရွာများဘက်သို့ပါ ပစ်မှတ်ထားတိုက်ခိုက်လာသဖြင့် အနီးရှိကျေးရွာများမှာ ယနေ့ထိတိုင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here