ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၇) နယ်မြေ မာနယ်ပလောရှိ စစ်ကောင်စီ၏ ၉၁၃ စခန်းမှ တပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
KNLA အပါအဝင် ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO တို့ ပူးပေါင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀ ခန့်ရှိ ၉၁၃ စခန်းမှ ရတမ-၃၃၈ တပ်ရင်း၏ တပ်ရင်းမှူး ဖြိုးသီဟ၊ တပ်ကြပ်ကြီးအဆင့် (၁) ဦး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။
“၉၁၃ ကနေ အောင်ဇေယျဘက်ကို အင်အားဖြည့်ဖို့ ရဟတ်ယာဥ်နဲ့လာခေါ်သွားတဲ့ သူတွေလည်းရှိတော့ လက်ရှိစခန်းအင်အားက ၃၀ လောက်ပဲ ရှိတယ်။ ကျနော်တို့ တက်တိုက်တဲ့အချိန်မှာ ထွက်ပြေးလို့ ဖမ်းမိတာ ၆ ယောက်ရှိတယ်။ အဲဒီထဲမှာ တပ်ရင်းမှူးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်ပါတယ်။ သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတော့ မသိသေးဘူးနော်” ဟု စောရှီးလေက ပြောသည်။
၉၁၃ စခန်းအား KNLA ပူးပေါင်းတပ်မှ မြေပြင်ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်၍ ဒရုန်းများ၊ စနိုက်ပါများဖြင့် စစ်ကောင်စီတပ်အင်အား လျော့နည်းလာစေရန် ၃ လတာခန့် အချိန်ပေးတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဦး ဝန်းကျင်သေဆုံး၍ ၁၂၀ မမ တစ်လက်၊ ၈၁ မမ တစ်လက်၊ ပွိုင့်ဖိုက် တစ်လက်၊ MA ၂၉ လက်တို့အား စစ်ကောင်စီထံမှ သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့သည်ဟု ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KNDO စစ်ဦးစီးချုပ်က “ကျနော်တို့ရဲ့ မာနယ်ပလောနယ်မြေထဲမှာ အခုဆို ရန်သူစခန်းတွေ အားလုံးရှင်းပြီ။ ဒါကြောင့် သောင်ရင်းနဲ့သံလွင်ကို ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်း သွားလာရုံသာမက ဒီနေရာကိုပြန်လာပြီး နဂိုလုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေပြန်လုပ်ဖို့လည်း ဖိတ်ခေါ်တယ်” ဟု ပြောဆိုသည်။
အစဥ်အလာကြီးမားခဲ့သည့် KNU ဌာနချုပ်ဟောင်းနေရာ မာနယ်ပလောဒေသတွင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှ စတင်တပ်စွဲထားခဲ့သော စစ်ကောင်စီ ၉၁၃ စခန်းကို ယခုလို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းကြောင့် တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြသည့် ကရင်လူထုအတွက် ခွန်အားတက်စေသလို မိမိတို့နယ်မြေမှ ကျန်ရှိသော စစ်ကောင်စီတပ်စခန်းများ ပပျောက်ရေး ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ကရင့်တော်လှန်ရေး ခေါင်းဆောင်များပြောဆိုမှုမှ သိရသည်။
KIC ပေးပို့သည်။