ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၄) ကစယ်ဒိုမြို့နယ်၊ ဆင်ထိုးကြီးရွာရှိ KNLA စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပစ်သတ်ခံခဲ့ရသည့် အရပ်သားတစ်ဦးနှင့် လက်မှလွတ်ကျကာ သေဆုံးသွားသည့်ကလေးငယ်တို့အမှုတွင် တာဝန်ရှိသူများကို ထိန်းသိမ်းထားကြောင်း KNU က ပြောဆိုသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့်တပ်ခွဲများမှ တပ်ဖွဲ့ဝင်များအား KNLA တပ်ရင်း ၁၂ က ပြန်ခေါ်ထိန်းသိမ်းထားပြီး တပ်မဟာသို့လွှဲပြောင်းရန် စီစဉ်နေဆဲဖြစ်သည်ဟု KNU တပ်မဟာ (၄) တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“အမှားလုပ်ရင် တပ်မဟာကို ပို့ဖို့၊ အရေးယူဖို့ သူတို့ (တပ်ရင်း-၁၂) တပ်ရင်းမှူးက ပြောပြီးပြီ။ အခု သူလည်း ခရီးထွက်နေတယ်။ ဒါပေမဲ့ လောလောဆယ် တပ်ရင်းမှူးမရှိလို့ထင်တယ် ခရိုင်အထိ ရောက်မလာသေးဘူး။ တပ်ရင်းမှာ ထိန်းသိမ်းထားတုန်းပဲ။ သူတို့ ပို့တော့ပို့ရမယ်လေ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က ကလေးနေမကောင်းသဖြင့် အရေးပေါ် ဆေးရုံပြရန် တနင်္သာရီတိုင်၊ ပုလောမြို့နယ်ခွဲ ပလောက်မြို့ပေါ်သို့လာသည့် ပိတောက်ကြီးရွာနေ အရပ်သား ဇနီးမောင်နှံမောင်းနှင်လာသော ဆိုင်ကယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁-၂ တာဝန်ကျသည့်ဂိတ်ကို ဖြတ်သန်းစဥ် အရှိန်လွန်၍ဆိုင်ကယ်ရပ်မိချိန် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။
ယင်းသို့ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူသေဆုံးခဲ့ရပြီး KNLA တပ်ဖွဲ့ဝင်များက လိုက်ဖမ်းသဖြင့် ထွက်ပြေးသူ အမျိုးသမီးလက်ဝယ် ချီပိုးထားသော လသားအရွယ်ကလေးငယ်မှာလည်း လက်မှလွတ်ကျပြီးနောက် သေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ထိုအမှုနှင့်ဆက်စပ်ပြီး ပစ်ခတ်ခဲ့သည့် KNLA လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့အား လူမှုကွန်ရက်မှတဆင့် ပြည်သူ ဝေဖန်မှုမြင့်တက်နေသလို လူသတ်မှု၊ လူသေစေမှု ကျူးလွန်သူများကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရေးရန်လည်း ဒေသခံလူထုက တောင်းဆိုလျက်ရှိသည်။
ယင်းကိစ္စအပေါ် အရေးယူဆောင်ရွက်မည့်အပိုင်းနှင့် ပတ်သက်၍ KNU တပ်မဟာ (၄) ဘိတ် – ထားဝယ်ခရိုင် ဥက္ကဋ္ဌပဒိုစောအယ်နာအား မေးမြန်းခဲ့ရာ လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေးဟု အကြောင်းပြန်ဆို ထားပါသည်။
KIC ပေးပို့သည်။