KNDF တပ်ရင်းအတွင်း အမျိုးသမီးများ တန်းတူမှုရရှိရေးနှင့် ဦးဆောင်မှုအားကောင်းရန် ဂျဲန်ဒါ တန်းတူညီမျှရေးဌာန ဖွဲ့စည်း

0
152
Photo - KNDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအတွင်း အမျိုးသမီးတပ်ဖွဲ့ဝင်များ ဂျဲန်ဒါ (gender) တန်းတူညီမျှမှုရရှိရန်နှင့် ဦးဆောင်မှုအားကောင်းရန်အတွက် ဂျဲန်ဒါ (gender) တန်းတူညီမျှရေးဌာနကို ဖွဲ့စည်းထားသည်ဟု KNDF ဂျဲန်ဒါတန်းတူညီမျှရေးဌာန၏ ဒု–ဌာနမှူးက ပြောပါသည်။

တပ်ရင်းအတွင်း ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ဖွဲ့စည်းနိုင်ရန် အချိန် ၂ လကျော်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းနှင့် KNDF တပ်ရင်းအတွင်းရှိ အမျိုးသမီးများနှင့် ဂျဲန်ဒါကွဲပြားသည့် ရဲဘော်များအပြင် တပ်တခုလုံးအတွင်း တန်းတူညီမျှမှု ရရှိစေရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည်ဟု ၎င်းက ဆိုသည်။

“KNDF ရဲ့ မူဝါဒ၊ စစ်ဘက်ဆိုင်ရာ အက်ဥပဒေ၊ စစ်ဆင်ရေးတွေ၊ ဌာနဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ဂျဲန်ဒါ တန်းတူညီမျှမှုကို ခိုင်ခိုင်မာမာထည့်သွင်း အကောင်အထည်ဖော်ဖို့ပေ့ါနော်။ KNDF ကနေ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဥ်တွေအားလုံးမှာလည်း ဂျဲန်ဒါရှုထောင့်ကို ထည့်သွင်းစဥ်းစားဖို့တွေအပြင် တပ်တွင်းအရေးကိစ္စတွေမှာ အမျိုးသမီးဦးဆောင်မှုတွေကို အိတ်ဖြည့်အနေနဲ့မဟုတ်ဘဲ အဓိပ္ပာယ်ရှိပြီး အားကောင်းတဲ့ ဦးဆောင်မှုဖြစ်လာအောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဂျဲန်ဒါတန်းတူညီမျှရေးဌာန ဒု–ဌာနမှူးက ပြောသည်။

ဆက်လက်ပြီး ဒု–ဌာနမှူးက “မြေပြင်မှာ ဂျဲန်ဒါနဲ့ပတ်သက်ပြီး ကျား-မ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ ရပ်တည်ချက်တွေ ဖြစ်တည်မှုကနေ ကွဲထွက်ပြီး မိမိကိုယ်ကိုယ်လက်ခံထားတဲ့ ဂျဲန်ဒါကွဲပြားသူတွေလည်း KNDF မှာ ကြုံတွေ့နေတာလည်း ရှိနေပါတယ်” ဟု ထည့်သွင်းပြောဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် KNDF ၏ ဂျဲန်ဒါတန်းတူညီမျှရေးဌာနနှင့် ဗဟိုကျန်းမာရေးဌာနအတွက် ဌာနမှူး၊ ဒုတိယဌာနမှူးနှင့် တာဝန်ခံများကို တရားဝင်ခန့်အပ်သည့် အခမ်းအနား ပြုလုပ်ခဲ့သည်ဟုလည်း ဒီဇင်ဘာ ၁၆ ရက်နေ့၌ KNDF က အသိပေးပြောဆိုပါသည်။

KNDF သည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့အပြင် ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူးပေါင်းပါဝင်နိုင်သော တပ်ဖြစ်မြောက်လာရေးအတွက် လိုအပ်သည့် တည်ဆောက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုထားသည်။

KNDF တပ်ရင်းတွင် ဂျဲန်ဒါတန်းတူညီမျှရေးဌာနအပြင် ကျန်းမာရေး၊ ဗဟိုထောက်ပို့၊ R&D ဌာန၊ နိုင်ငံရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန အသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here