အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနှုတ်ထွက်ပြီး KNDF ဗျူဟာအမှတ် (၈) တပ်ရင်း အမှတ် (၂၃) ဆီကို ကူးပြောင်းလာသည့် အမှတ် ၁၀၀၄ တပ်ရင်းက တပ်သားဦးရေ ၁၀၆ ဦးထိရှိသည်ဟု ကူးပြောင်းလာသော တပ်ရင်းအရာရှိက ပြောဆိုသည်။
အဆိုပါတပ်ရင်းသည် ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်းကဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် KNDF ဗျူဟာအမှတ် (၈) တပ်ရင်း အမှတ် (၂၃) ဆီကို ကူးပြောင်းလာကြသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“ကျနော်တို့ ကူးပြောင်းသွားတဲ့ တပ်ရင်းရဲ့အင်အားက ၁၀၆ ဦးပေါ့” ဟု အမှတ် (၁၀၀၄) တပ်ရင်းအရာရှိက ပြောဆိုသည်။
ယခုလို တပ်ရင်းအလိုက် ကူးပြောင်းသွားခြင်းမှာ စစ်ရေးဖော်ဆောင်မှု ပိုမိုအားကောင်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု အဆိုပါ အမှတ် (၁၀၀၄) တပ်ရင်းအရာရှိက ယခုလိုပြောပါသည်။
“ဒီရည်ရွယ်ချက်က ပြည်ထောင်စုတပ်မှ ပြည်နယ်တပ်အဖြစ်သို့ကူးပြောင်းပြီး စစ်ရေးဖော်ဆောင်မှုမှာ ပိုမိုစုဖွဲ့မှု အားကောင်းဖို့အတွက် ဖြစ်ပါတယ်” ၎င်းက ပြောသည်။
ထိုသို့ တပ်ရင်းကူးပြောင်းမှုနှင့်ပတ်သက်ပြီး MOD ဘက်ကလည်း သဘောထားကြီးစွာ ခွင့်ပြုပေးသလို KNDF ဒု-စစ်ဦးစီး အပါအဝင် ဗဟိုကော်မတီဝင်၊ ဗဟိုစစ်ရေးညွန်ကြားရေးမှုး ဗျူဟာမှူးများလည်း အခမ်းအနားသို့တက်ရောက်၍ လက်ခံကြိုဆိုပေးကြကြောင်း အဆိုပါကူးပြောင်းသွားသည့် အမှတ် (၁၀၀၄) တပ်ရင်းအရာရှိက ပြောဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် တော်လှန်ရေးကာလတလျှောက် အမှတ် (၁၀၀၄) တပ်ရင်းက ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
MOD လက်အောက်က နှုတ်ထွက်ပြီး တပ်ရင်းဆိုင်ရာ အမည်နာမ၊ Logo ၊ ဘက်တံဆိပ်နဲ့ NUG pay account အသုံးပြုမှုတို့ကို MOD ထံ ပြန်အပ်နှံသွားပြီဖြစ်ကြောင်းကို ဧပြီလ ၄ ရက်နေ့တွင် ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။