KNDF ဗဟိုစစ်တရားခုံရုံးက ဆေးတပ်သား ၁၈ ဦး သေဆုံးမှုဖြစ်စဉ်တွင် တာဝန်ရှိသူ ၃ ဦးကို ပြစ်ဒဏ်ချမှတ်

0
137
Photo - KNDF

KNDF ဗဟိုစစ်တရားခုံရုံးက တောင်ကျချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့သည့် တော်လှန်ရေးဆေးတပ်သား ၁၈ ဦး ဖြစ်စဥ်တွင် ပြစ်မှုရှိကြောင်း ထင်ရှားသည့် တာဝန်ရှိသူ ၃ ဦးကို ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေအရ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်သည်ဟု KNDF က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတင်ပြချက် အရသော်လည်ကောင်း၊ တရားခွင်အတွင်း စွပ်စွဲခံရသူများနှင့် သက်သေခံထွက်ဆိုချက်အရ ဖြစ်စဉ်အတွက် တာဝန်ရှိသူ ကျောင်းအုပ်တစ်ဦးနှင့် ကာယလေ့ကျင့်ရေးဆရာတစ်ဦးကို KNDF စစ်အက်ဥပဒေဆိုင်ရာ ပုဒ်မ (၁၇) ၊ (၂၇) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ၃ လစီ အမိန့်ချမှတ်ခဲ့ပြီး သင်တန်းအကူတစ်ဦးကို ပုဒ်မ (၂၇) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ကျစေကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဆေးသင်တန်းကို တပ်ရင်းတပ်ဖွဲ့ အသီးသီးက သင်တန်းသား ၁၀၂ ဦး တက်ရောက်ခဲ့ကြစဉ်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလအတွင်း စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ကရင်နီ (ကယား) ပြည်တွင်းတနေရာတွင် တောတွင်းလေ့ကျင့်ရေးတခု ပြုလုပ်နေစဉ် တောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် ဆေးတပ် သင်တန်းသား (၁၈) ဦး ရေထဲမျောပါ သေဆုံးခဲ့ခြင်းဖြစ်သည်။

KNDF က ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ပြီး၊ တွေ့ရှိချက်တို့ကို အသိပေးထုတ်ပြန် သွားမည်ဟု ဆိုထားပြီး ၃ လကြာ စုံစမ်းဖော်ထုတ်ပြီးနောက် ပြစ်မှုတာဝန်ရှိသူများကို ယခုလို ထောင်ဒဏ် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ KNDF က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ မူးယစ်ရမ်းကားမှုစွဲချက်နှင့် ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားတစ်ဦးကို (KNDF) တပ်ဖွဲ့ဝင်နှစ်ဦးကနေ လက်နက်နှင့်မလျော်ကန်သည့် ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် အဆိုပါတပ်သားနှစ်ဦးကို KNDF စစ်အက်ဥပဒေအရ ထောင်ဒဏ် နှစ် (၂၀) နှင့် (၁) လ အရေးယူအမိန့်ချခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here