KIO ဗဟိုဌာနချုပ်အနီးရှိ နမ်ဆန်ယန်ကျေးရွာနားတွင် ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ပစ်ခတ်သံများကြားနေပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လောလောဆယ် ဒီတပတ်အတွင်းမှာ တော်တော်လေး တင်းမာနေတယ်။ ဒီနားက လိုင်ဇာ တဝိုက်၊ နမ်ဆန်ယန် တဝိုက်ပေါ့လေ၊ မနေ့က တနေ့က တော့ တောင်ထိပ်မှာ တွယ်နေကြတယ်လို့ ပြောတယ်။ လမ်းတွေကတော့ ဒီဘက်မှာ လောလောဆယ် မနက်က နေပြီးတော့ ၁၂ နာရီလောက် အထိပဲ ဖွင့်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာလျှက်ရှိရာ ဒေသခံထောင်ချီလည်း ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်ကလည်း ပြည်သူလူထုကို စစ်ရေး သတိရှိကြရန်နှင့် ပြင်ဆင်ထားကြရန် သတိပေးထားသည်။
ဇူလိုင်လ ၇ ရက်နေ့ အထိ နှစ်ဘက်စစ်ရေး အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက “ ဒီနေ့ကတော့ ရွာထဲက လူတွေလည်း နည်းနည်း လှုပ်လှုပ် လှုပ် လှုပ် ရှိနေတယ်။ ၁၂ နာရီလောက်ကျရင် အသံလေးတွေ ကြားရမယ်လို့ ပြောတာပဲ။ အခုက ဖြစ်နေတဲ့နေရာ ပတ်ဝန်းကျင်တွေက နမ်ဆန်ယန်တို့၊ ဂါးရာယန်တို့ တောင်ထိပ် အကြီးကြီးလေ အဲ့ဒီနေရာတွေ ဖြစ်နေတယ်။ အဲ့ဒီ နမ်ဆန်ယန်ကတော့ တော်တော်များများ သွားကုန်လိုက်ပြီလို့ ပြောတယ်။ နမ်ဆန်ယန်ကို လုတဲ့ပုံစံမျိုး သွားသက်ရောက်တယ်လို့လည်း ပြောကြတာပေါ့” ဟု ပြောသည်။
စစ်တပ်နှင့် KIA တို့ အကြား တင်းမာမှုများ ရှိနေရာတွင် ဇူလိုင်လ ၃ ရက်နေ့က စစ်တပ်မှ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်မှု ရှိခဲ့သည်။ ထိမှန်ဒဏ်ရာ ရသွားသူမှာ ဗန်းမော်ဘက်မှ ပြန်လာသည့် အရပ်သားတစ်ဦး ဖြစ်ကြောင်း သိရသည်။
နမ်ဆန်ယန်အနီးက နှစ်ဖက်တင်းမာမှု အခြေအနေများနှင့် ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဲ့ဒါကတော့ စကစ စစ်ကြောင်းတွေ ဒီနမ်ဆန်ယန်ဘက်ကို ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်တဲ့ တိုက်ပွဲဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၃ ရက်၊ ၄ ရက်မှာတော့ တော်တော်တင်းတင်းမာမာ ဖြစ်နေတယ်။ ဒါပေမယ့် ၅ ရက်၊ ၆ ရက် မှာတော့ သေနတ်သံတွေ မကြားတော့ပါဘူး။ နမ်ဆန်ယန်နားမှာ၊ နမ်ဆန်ယန် ချောင်းတံတားမှာ စကစတွေက တော့ ဟိုဘက်ကမ်း၊ KIA တွေကတော့ ဒီဘက်ကမ်း အဲ့လိုပုံစံနဲ့ ပစ်ကြခတ်ကြတာ နမ်ဆန်ယန် ရွာနားမှာပဲ” ဟု ပြောသည်။
တင်းမာမှုများ ဖြစ်ပွားနေသည့် နေရာအနီး ဇူလိုင်လ ၄ ရက်နေ့က စတင်၍ ဗန်းမော်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ရောက်ရှိလာပြီး စစ်အင်အားလည်း တိုးထားကြောင်းနှင့် ဇူလိုင်လ ၇ ရက်နေ့ အထိ နမ်ဆန်ယန် အနီးဝန်းကျင်တွင် သွားလာလှုပ်ရှား နေကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုသည်။
နမ်ဆန်ယန်ကျေးရွာ ဒေသခံများမှာ ဘေးလွတ်ကင်းနိုင်မည့် နေရာများတွင် သွားရောက် စစ်ဘေးရှောင် နေကြရပြီး ကျေးရွာထဲတွင် ရွာစောင့်အနေဖြင့် လူအနည်းစုသာ ကျန်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
နမ်ဆန်ယန် ကျေးရွာခံများသည် ၂၀၁၁ ခုနှစ်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဆယ်စုနှစ်တစ်စုကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြသည့် စစ်ဘေးရှောင်များ ဖြစ်ကြသည်။
မြစ်ကြီးနား – ဗန်းမော် လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာနှင့် အနီးနားဝန်းကျင်က ကန်တော်ယန် (ဂန်ဒေါင်ယန်)၊ အောင်ဂျာ၊ လဂျားယန် အစ ရှိသည့် ကျေးရွာများက ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး မိုင်စပ်ပါ၊ လမိုင်ယန်၊ မုန်လိုင်ခက်နှင့် လိုင်ဇာက ပြည်သူများမှာမူ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်လာမှာကို စိုးရိမ်နေကြောင်း သိရသည်။
KIO ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိနေခြင်းကြောင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အတွက် ပြည်သူများ သတိထားဆင်ခြင် သွားလာကြဖို့လည်း သတိပေးစာ ထုတ်ပြန်ထားသည်။
KIO ၏ သတိပေးစာထဲတွင် ဗန်းမော် – မြစ်ကြီးနား ကားလမ်းတလျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ အရေးကြီး မဖြစ်မနေ သွားရမည့်ကိစ္စများ ရှိလာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန်၊ စစ်ကောင်စီတပ်နှင့် နီးသည့်နေရာများကို သွားလာခြင်းများ မလုပ်ကြရန်၊ တိုက်ပွဲဖြစ်ပွားနိုင် သည့် နေရာများနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများကိုလည်း မသွားကြဖို့အပြင် စစ်ကောင်စီတပ်၏ အသုံးချ မခံရအောင်အတွက် ရှောင်ရှားကြဖို့ ရေးသားထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။