ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေ စစ်အင်အား ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောသည်။
အလားတူ စစ်ကောင်စီတပ်သည် ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေပါ အသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်သို့ အဓိကထား စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေသည့် KIO အရာရှိတစ်ဦးက အခုလို ပြောဆိုသည်။
“ဒီကြားထဲ သူတို့လှုပ်ရှားနေတဲ့ အခြေအနေကိုကြည့်ရင် ကျနော်တို့ ဌာနချူပ် လိုင်ဇာဘက်ကို မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘက်ကနေ သူတို့ စစ်ကြောင်းထိုးတာ နည်းနည်းခက်တဲ့အခြေအနေ ဖြစ်ပုံရတော့ ဒီဘက် ကျနော်တို့ ရှမ်းမြောက်၊ နမ့်ခမ်း-မူဆယ် ဘက်ကနေ စစ်ကြောင်းထိုးဖို့ လုပ်နေတဲ့အခြေအနေဆိုတာ တွေ့ရတယ်” ဟု အဆိုပါ KIO အရာရှိက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေတက်လာတဲ့ စစ်ကောင်စီတပ်ကို ကွတ်ခိုင်-နမ့်ဖတ်ကာ အနီးတဝိုက်မှာ KIA တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ တပ်မဟာ ၄ တပ်ရင်း ၈ တပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ၎င်းက ဆက်ပြောသည်။
ဇူလိုင် ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲမှာလည်း နမ်ဖတ်ကာအထက် ဟိုမုန်းကျေးရွာအနီး ကောင်ရာတောင်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် ခလရ ၁၂၃ နဲ့ တပ်ရင်း ၈၈ ပူးပေါင်းတပ်ဖွဲ့အင်အား ၈၀ နီးပါးကို KIA တပ်ရင်း ၉ က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဇူလိုင် ၁၆ ရက်နေ့တွင်လည်း အင်အား ၈၀ ခန့် ရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ဖာခတ်ကျေးရွာနဲ့ ဟိုနောင်းကျေးရွာအနီး၌ တနေ့ထဲ ၂ ကြိမ်၊ KIA ဘက်က စောင့်ကြို ကြားဖြတ်တိုက်ခိုက် ခဲ့သည့်အပြင် ဇူလိုင် ၁၅ ရက်နေ့ကလည်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား တနေ့လုံးနီးပါး စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောသည်။
ဇူလိုင် ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ကွတ်ခိုင်အနီး နေရာ ၃ နေရာ၌ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အား ၁၀၀ ခန့်နဲ့ ဟိုနောင်နဲ့ နမ်ဂွတ် ကျေးရွာတဝိုက် ဒေသခံရွာသားတွေရဲ့ နေအိမ်တွေမှာ နေရာချပြီး ရွာသားများကို စစ်ဆေးမေးမြန်း ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောသည်။
ရှမ်းမြောက်ဒေသခံတွေ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ယခု လဆန်းပိုင်းမှ ၁၃ ရက်နေ့အထိ ကွတ်ခိုင်ကနေ မူဆယ်ဘက်ကို သွားလာသည့် စစ်ကား ၁၀ စီးကျော်သာ ရှိသေးကြောင်း သိရသည်။
သို့သော် စစ်ကောင်စီတပ်သားများက ယခုနောက်ပိုင်း စစ်ကားနဲ့ သွားလာတာနည်းလာပြီး ပြည်သူပိုင် ခရီးသွားကားတွေနဲ့ ကုန်ကားတွေထဲ ကပ်ပါစီးနင်း သွားလာကြတယ်လို့ နမ်ဂွတ်ဒေသခံတစ်ဦးက အခုလို ပြောပြသည်။
“တခါခါဆို တွဲကားတွေထဲ ကပ်ပါသွားတာ ရှိတယ်။ တခါခါဆို ကားအသေး ဖောဝီး (four wheel) ကားတွေထဲ လိုက်ပါ စီးသွားတာတွေလည်း ရှိတယ်။ အဲ့လိုဟာမျိုးဆို စစ်အင်အား ဘယ်လောက်လောက် တက်နေတယ်ဆိုတာ ရေတွက်နိုင်ဖို့ ခက်တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်လား ၁၄ ရက်လား မသိဘူး ကွတ်ခိုင်ကနေ ကားအစီး ၁၀ တက်သွားတယ်။ နမ်ဖတ်ကာရောက်တော့ ၈ စီးဝင်တယ် ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွင် စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေး ယူပေးတဲ့ ရှေ့တန်းခြေလျင် စစ်ကြောင်းကို ကွတ်ခိုင် မရောက်ခင် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အပြင် ဇူလိုင် ၁၁ ရက်နေ့ကလည်း ကွတ်ခိုင် ကနေ ဆက်လက်ချီတက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ဟိုနောင်ကျေးရွာအနီး KIA က ထပ်မံပစ်ခတ် တိုက်ခိုက်တာကြောင့် စစ်ကား ၁ စီး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် လားရှိုးကနေ တက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းများကို ကွတ်ခိုင်အနီးတဝိုက် နေရာ ၄ နေရာ၌ KIA ဘက်က ပုံမှန်ကြားဖြတ် တိုက်ခိုက်နေတဲ့အပြင် ကွတ်ခိုင် ကနေ မူဆယ်ဘက်သို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်က ကြားဖြတ်တိုက်တာကြောင့် တိုက်ပွဲအခြေအနေ တင်းမာနေတာ ၁ ပတ် ကျော်ရှိလာပြီ ဖြစ်သည်။
ပန်ကိုင်ဒေသခံတစ်ဦးက “ဌာနချူပ်ဘက် တိုက်ပွဲတင်းမာနေတော့ ဒီဘက်ကလည်း စစ်ကောင်စီ အင်အားပို့ဖို့ လားရှိုး- မူဆယ် အာရှလမ်းမကြီးကနေ စစ်ကားတွေ အထက်ဘက်ကို ဖြည်းဖြည်းစီ ရွေ့ပြီး ကချင်ပြည်ဘက် အင်အား ပို့နေတာ မြင်နေရတယ်။ စစ်ကားတွေ တန်းစီပြီး တက်တက်လာတော့ အဲ့ဒီကချင်ဘက်ကို လူအင်အား ပို့ဖို့ ဒီဘက်ကနေ သူတို့စီစဉ်နေတာလို့ မြင်ရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံနေရသည့် နေရာများက ကွတ်ခိုင်မရောက်ခင် သိန္နီနဲ့ မန်ပန် အနီးတဝိုက်၊ ကွတ်ခိုင်အကျော် နမ့်ဖတ်ကာ မရောက်ခင် နောင်ဆွေ ၊ နမ့်ဖလွန်၊ ရှု့ခင်းသာ စတဲ့ နေရာတွေနဲ့ နမ်ဖတ်ကာနဲ့ ကောင်ရာ၊ ဟိုမုန်း စတဲ့ နေရာတွေဖြစ်ကြောင်း ဒေသခံတွေ ပြောဆိုချက်အရ သိရသည်။
“သူတို့စစ်အင်အားတွေ ပုံမှန်တက်နေတာကို ကြည့်ရင် ကွတ်ခိုင်ကနေ အထက်ဘက်ကို တက်သွားပြီး နမ်ဖတ်ကာ စစ်တပ်ထဲကို ပြန်ဝင် ၊ အဲ့တာနဲ့ ခဏနားပြီး ဆက်ချီတက်လှုပ်ရှားနေကြတာဟုတ်တယ်။ အရင်ထက် ထူးခြားပြီး ပိုလှုပ်ရှားနေတာကြည့်ရင် ဒီဘက်ကနေလည်း အစီအစဉ် ဆွဲနေတာကို တွေ့ရတယ်။ အခုသူတို့ စစ်ကြောင်းတွေ ကွတ်ခိုင်- နမ်ဖတ်ကာ – မူဆယ် ဒီကြားထဲ ၄ နေရာလောက်မှာ ပစ်ခတ်ခံနေရတယ်” ဟု နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောသည်။
KIO ဌာနချူပ်ဘက် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က မူဆယ်-နမ်ခမ်းကြားမှာလည်း အရင်က တပ်စွဲ နေထိုင်တာတွေ မရှိပေမယ့် ပြီးခဲ့တဲ့ လကုန်ပိုင်းက စပြီး တပ်စခန်းတွေတိုးချဲ့ထားကြောင်းလည်း နမ့်ခမ်းဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။
“စစ်တပ်ကအမြဲတမ်း ဌာနချူပ် လိုင်ဇာအနီးဘက် ထိုးစစ်ဆင်တော့မယ်ဆိုရင် ဒီဘက် မူဆယ် ၊၁၀၅ မိုင်ဘက် အမြဲတမ်း လှုပ်ရှားပြီး နေရာယူတာတွေရှိတယ်။ အခုလည်း မူဆယ်-နမ်ခမ်း ကြား ဇေလန်ဆိုတဲ့ နေရာမှာ သူတို့တောင် မထိုင်တော့တဲ့တပ်စခန်းတွေ အခု ပြန်ထိုင်ပြီး နေရာယူလာကြတယ်။အခုတပ်စခန်းတွေ ထပ်တိုးပြီး နေရာယူလာတာ တွေ့ရတယ်။ နေ့ခင်း ကျနော်တို့ မြင်တွေ့တဲ့အချိန်မှာတော့ အဲ့လောက်ထင်သာမြင်သာ မလှုပ်ရှားပေမဲ့ ညဘက်တော့ သူတို့ ပုန်းလျှိုးကွယ်လျှိုး စစ်အင်အားတွေပို့နေတယ် ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်” လို့ နမ့်ခန်းဒေသခံတစ်ဦးက သုံးသပ်ပြောသည်။
ရှမ်းမြောက်တွင် ဇူလိုင်လဆန်းကတည်းက စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာလာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတာကြောင့် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်း ၊ နမ့်ခိုင် စစ်တပ်၊ ရှုခင်းသာ (တာဝါတိုင်စခန်း) နဲ့ ကွတ်ခိုင် ခလရ ၂၄၁ စစ်တပ် စခန်းတို့မှ လက်နက်ကြီး ပုံမှန် ပစ်ခတ်မှုရှိကြောင်း နမ့်ဖတ်ကာ ဒေသခံတွေ ပြောသည်။
ဇူလိုင် ၉ ရက်နေ့က နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်ထိခိုက်ပြီး ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအခြေအနေများကြောင့် စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာနေဒေသခံများက စိုးရိမ်မှုများစွာ ရှိနေသည်ဟု နမ်ဂွတ်ကျေးရွာခံတစ်ဦးက အခုလို ပြောသည်။
“ကျမတို့ရွာထဲ စစ်ကြောင်းတွေရောက်ပြီဆိုတာနဲ့ ပစ်ခတ်လာကြမှာ အရမ်းကြောက်တာ။ တခါခါဆို စစ်ကြောင်းတွေ ရွာထဲမှာ ဝင်ရောက်နေချိန်၊ အမှတ်မထင် ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပြီဆို ကျမတို့ ကားလမ်းဘေး တလျှောက်ရှိတဲ့အိမ်တွေက မထိမပေါက်တာ တခုမှ မရှိဘူး၊ သူတို့ (စစ်တပ်) ပစ်ခတ်ပြီဆို အမြဲတမ်း ပြည်သူနေအိမ်တွေကိုပဲ လာလာထိတာကြောင့် ကြောက်စိတ်နဲ့ပဲ နေနေကြရတယ်။ ညဆိုရင်လည်း သူတို့ရွာထဲမှာ လျှောက်သွားလျှောက်ကြည့်တယ်၊ ကင်းလှည့်တယ်ဆိုပြီး လှုပ်ရှားသွားလာကြတာ” လို့ ပြောသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီ စစ်ကြောင်းတွေဟာ လမ်းလုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ပုံမှန်လှုပ်ရှားသွားလာနေဆဲ ဖြစ်တာကြောင့် ဒေသခံပြည်သူများ အနေဖြင့်လည်း လှုပ်ရှားသွားလာရာမှာ ဂရုစိုက်ကြဖို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေသည့် အဆိုပါ KIO အရာရှိက အခုလို သတိပေးပြောဆိုသည်။
“ပြည်သူတွေကိုလည်း မှာကြားချင်တယ်။ အခုချိန်က မှိုတွေထွက်တဲ့အချိန် ဖြစ်တယ်။ အခြေအနေက ရှုပ်ထွေးနေတဲ့ အခြေအနေဖြစ်တာကြောင့် အချိန်မရွေး သွားလာရှာဖွေတာတွေ မလုပ်ဖို့၊ ပြီးရင် ကားလမ်းမကြီး ကနေလည်း သွားလာရေး အရမ်းသတိထားရမယ်။ စစ်ကြောင်းတွေက ပြည်သူပိုင် ကားတွေထဲကနေပဲ ကပ်ကပ်ပါသွားတာ ဟုတ်တယ်။ သူတို့စစ်ကားတောင် သိပ်မသုံးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်ဘက်က စစ်ကားတွေဖြင့် တက်မလာခင် ခြေလျင်အင်အား ၇၀ မှ ၁၀၀ ကြားရှိတဲ့ အင်အားကို အဖွဲ့ ၂ ဖွဲ့ သို့ ၃ ဖွဲ့ ခွဲပြီး ပုံမှန်ရှေ့တန်းကနေ လုံခြုံရေးယူပေး၍ မူဆယ်ဘက်ကို ဦးတည် ချီတက်နေကြောင်း လည်း စစ်ရေးကျွမ်းကျင်သည့် ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့ အထိ မူဆယ် အထက်ဘက်သို့ စစ်ကား ၁၀ စီး ကျော် တက်သွားပြီး အများပိုင် မော်တော်ကားများကနေ ကပ်ပါစီးနင်း သွားလာမှုများလည်း ရှိတာကြောင့် စစ်အင်အား ဘယ်လောက်အထိ ပို့ဆောင်ထားသည် ဆိုသည်ကို အတိအကျသိဖို့ရန် ခက်ခဲသည်ဟု အဆိုပါ KIO အရာရှိက ပြောသည်။
ကချင်ပြည်နယ် KIO ဌာနချူပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား ဇူလိုင် ၃ ရက်နေ့က စတင်ပြီး တိုက်ပွဲ ဆက်တိုက် ပြင်းထန်လာလို့ စစ်ရေးတင်းမာနေဆဲ ဖြစ်သလို ရှမ်းမြောက်မှလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ကွတ်ခိုင်မြို့နယ်တဝိုက် စစ်ရေးတင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။
KNG ပေးပို့သည်။