ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်ဖတ်ကာအထက်ပိုင်း နမ့်အွမ်ကျေးရွာရှိ KIO/KIA တပ်ဖွဲ့ဝင်များကို ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားရန် TNLA က ပြောဆိုထားသည်ဟု နမ့်အွမ်ရွာ KIO တာဝန်ရှိသူတွေ ထံက သိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များကို ထိုသို့ စာနှင့်တကွ ပေးပို့ပြောဆိုလာခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီနေရာက အထက်အမိန့်အရ ကျနော်တို့သိမ်းပိုက်ထားပြီး တပ်စွဲနေတာဟုတ်တယ်” လို့ နမ့်အွမ်ကျေးရွာ KIO တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
လက်ရှိ KIO/KIA က တပ်ချနေထိုင်သော နေရာသည် နမ့်အွမ်ကျေးရွာ၊ မူဆယ်- နမ့်ဖတ်ကာ ကားလမ်းမဘေး၊ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ဓါတ်ဆီဆိုင်နေရာ ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
KIA က နမ့်ဖတ်ကာကျေးရွာကို သိမ်းပိုက်ပြီးနောက် အဆိုပါနေရာ၌ တပ်စွဲလိုက်ပြီး လက်ရှိ လုံခြုံရေးကင်းနှင့် ရုံးခန်း တပ်ချနေသည်ဟု ဆိုသည်။
ယခင်က TNLA ဘက်က အခုလို ပြောဆိုမှုမျိုးရှိခဲ့ပေမယ့် ယခုချိန်၌ ဆီဆိုင်ပိုင်ရှင်၏ တောင်းဆိုမှုကြောင့်ဆိုသော ပုံစံနှင့် စာပို့လာသည်ဟု နမ့်အွမ်ရွာ KIO တာဝန်ရှိသူတွေထံက သိရှိရသည်။
နမ်အွမ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက Òအခု KIO ရှိနေတဲ့နေရာက ပြည်သူ့စစ်ခေါင်ဆောင်တစ်ဦးရဲ့ ဆီဆိုင်ကြီး ဖြစ်တယ်။ အဲ့ဒီဆီဆိုင်က လမ်းမကြီးဘေးမှာ ဟုတ်တယ်။ အကျယ်အဝန်းကျယ်တယ်။ ဆောက်လုပ်ထားတဲ့ အိမ် ၊ အဆောက်အဦးလည်း ခိုင်ခိုင်မာမာရှိတာဆိုတော့ KIO ကို ထွက်သွားခိုင်းနေတာပေါ့။ KIO ကတော့ မထွက်ပေးတော့ အခုအတင်းအမာ ဖြစ်နေတာပေါ့Ó ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ရှေ့ရက်တွင်လည်း TNLA ဘက်က လာရောက် ဖိအားပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်နှင့် မူဆယ်မြို့ကြားရှိ နမ့်ဖတ်ကာ – ခိုမုန်း – နမ့်အွမ် – တီးမား စသည့် ကျေးရွာတလျှောက်၌ KIA ဂိတ်ချသည့် နေရာများတွင် TNLA တပ်ဖွဲ့က အနီးကပ်နေရာယူလာပြီးနောက် အချင်းချင်း အချေအတင် ဖြစ်လာသည်ဟုလည်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။
ဒေသခံများက ကျေးရွာနယ်နိမိတ်ထဲ မည်သည့်လက်နက်ကိုင်ကိုမျှ နေရာမယူစေချင်ကြောင်း ပြောဆိုကြသည်။
နမ့်အွမ်ရှိ KIO/KIA တပ်ဖွဲ့ ထွက်ခွာရန် TNLA က ဖိအားပေးနေသည်ဆိုသော ကိစ္စနှင့်ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ ဌာနမှူးလွေးယေဦးက ထိုကိစ္စကို မကြားသိရသေးကြောင်း ပြန်လည်ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကျော်က ကွတ်ခိုင်ရှိ KIO ရုံးကို ထွက်ခွာသွားရန် TNLA က ပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ထိုဖြစ်စဉ်မှာ ပြေလည်မှု ရရှိသွားပြီဟု PSLF/TNLA ပြန်ကြားရေး ဌာနမှုးလွေးယေဦးက ပြောပါသည်။
ရှမ်းမြောက်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အောက်ခြေတပ်ဖွဲ့များအကြား ပြဿနာများကြောင့် စိုးရိမ်မှု ရှိနေရသည်ဟု ဒေသခံများက ပြောဆိုသည်။
KNG ပေးပိုသည်။