28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းILO ၏စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးအရေးယူမှုကို NUG ကြိုဆို

ILO ၏စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးအရေးယူမှုကို NUG ကြိုဆို

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က စစ်ကောင်စီအပေါ် ILO Convention Article 33 အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းသည် သမိုင်းဝင်ခြေလှမ်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် လှိုက်လှဲဝမ်းမြောက်စွာကြိုဆိုသည်ဟု NUG က ပြောဆိုသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်က “စစ်အုပ်စုကို အခုလိုအရေးယူမှု ဆုံးဖြတ်ချက် ကျလာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်ကတည်းက လေးနှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးနေဘုန်းလတ်က ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် နိုင်ငံတကာနှင့် ပြည်သူလူထုများအား သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ILO က ဖွဲ့စည်းပုံပါ အပြင်းထန်ဆုံးအရေးယူမှုဖြစ်သည့် ပုဒ်မ ၃၃ အရ အရေးယူရန်ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ ဇွန်လ ၅ ရက်နေ့တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၃၃ သည် ILO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် အရေးယူနိုင်သည့် အပြင်းထန်ဆုံး ပြဋ္ဌာန်းချက်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဦးသန်းရွှေ စစ်အာဏာရှင်လက်ထက်တွင်လည်း အဓမ္မ အလုပ်ခိုင်းစေမှုများနှင့်ပတ်သက်၍ တကြိမ်အရေးယူခဲ့ဖူးသည်။

ယခုတကြိမ် အရေးယူမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံနေရမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိနှိပ်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

ILO ၏ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUF) ကလည်း ကြိုဆိုလိုက်သည်။

ယခုဆုံးဖြတ်ချက် အရ ILO အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီနှင့်ဆက်ဆံရေး၊ အထူးသဖြင့် စစ်ရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိခိုက်သွားစေမည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

“ဒီဆုံးဖြတ်ချက်အရ အရေးယူမှုတွေမှာ အဓိကအားဖြင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ ILO အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ဖို့၊ ပြည်သူလူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေတဲ့ စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေး၊ စီစဉ်မှုတွေ မပြုလုပ်ဖို့ အစရှိတဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၀ ခုနှစ်က အရေးယူခဲ့သော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ရန်သာဖြစ်သော်လည်း ထိုစဉ်ကလည်း စစ်အာဏာရှင်တို့အတွက် များစွာအထိနာစေခဲ့သည်။

ယခုတကြိမ်ချမှတ်သည့် ဆုံးဖြတ်ချက်သည် ယခင်ကထက် ပိုမိုပြင်းထန်ပြီး စစ်ကောင်စီ၏ ယန္တရားကို တိုက်ရိုက်ထိခိုက်စေမည့် အရေးယူမှုများ ပါဝင်နေသောကြောင့် ပိုမိုထိရောက်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

NUG အစိုးရအနေဖြင့် ဤဆုံးဖြတ်ချက်ကို ကြိုဆိုရုံသာမက အဖွဲ့ဝင်နိုင်ငံများက ယင်းဆုံးဖြတ်ချက်ပါ အချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် ဆက်လက်စောင့်ကြည့် တိုက်တွန်းသွားမည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားပေးထောက်ခံမှုကို ပြသလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်မှ ဖယ်ထုတ်ရန်နှင့် ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိလာစေရန် ဖိအားပေးသည့် အရေးပါသော ခြေလှမ်းတရပ်ဖြစ်သည်ဟု NUG က ဆိုသည်။

NMG ပေးပို့သည်။