IEC နဲ့ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံတို့ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” လုပ်ဆောင်နေ

0
127
Photo - KSP

ကရင်နီ (ကယား) ပြည်တွင် တော်လှန်ရေးအားကောင်းစေရန်နှင့် ပြည်သူလူထုအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် IEC နှင့် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့ ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” တရပ်ချမှတ်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု IEC က ထုတ်ပြန်သည်။

“တရားဥပဒေ စိုးမိုးရေးစီမံချက်” ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာ ၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထိုစီမံချက်ထဲတွင် မူးယစ်ဆေးဝါး၊ တော်လှန်ရေး၊ လူမှုကျင့်ဝတ်နှင့် မညီသည့်လုပ်ငန်း၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုများအပြင် လောင်းကစားရုံများနှင့် ပါတ်သက်သော အထူးတားမြစ်ချက် ၄ ခုကို ပါဝင်ချမှတ်ထားသည်။

အထူးတားမြစ်ချက် တခုချင်း၏ ခေါင်းစဉ်အောက်ကနေ တားမြစ်ထားသည့် အကြောင်းအရာ စုစုပေါင်း ၁၅ ချက် ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါတားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များဖြစ်စေ၊ ပြစ်မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သလို ရာဇဝတ်မှု နှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးကိုလည်း ဖော်ဆောင်သွားမည်ဟု IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က ပြောသည်။

“အရေးယူဆောင်ရွက်မှုဆိုတာက သူ့ရဲ့ရှေ့ဆက်ပြုမှု ဥပဒေတွေရှိတယ်။ ဒါ သူ့ရဲ့ပြစ်မှု၊ ကျူးလွန်မှုပေါ်မှာ မူတည်ပြီးတော့မှ တရားစွဲဆိုတာတွေ ပြီးရင်ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍမှာ သူ့ကိုပြန်ပြီးတော့မှ ပါဝင်စေတာတွေ ဒါတွေက သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဘယ်ဥပဒေနဲ့ ဘယ်လို တရားစွဲပြီးတော့မှ သူ့ကိုအရေးယူမလဲ ဆိုတာက ဒါသီးသန့်ရှိမယ်ပေါ့နော်” ဟု ခူးပလူးရယ်က ပြောသည်။

ဆက်လက်ပြီး ခူးပလူးရယ်က “ပြီးရင် လူထုအပေါ်မှာကော တော်လှန်ရေးအပေါ်မှာကော တကယ့်ကို အဟန့်အတား ဖြစ်စေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဒီ KTV မှ မဟုတ်ဘူးပေါ့နော်။ အခြားသော မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေ အားလုံးသည် ဒါတော်လှန်ရေးတပ်‌ပေါင်းစုံနဲ့ ဆွေးနွေးထားပြီးသား ဖြစ်တယ်။ အားလုံး သဘောတူပြီးမှ အရေးယူဆောင်ရွက်သွားဖို့ ဖြစ်တယ်ပေါ့နော်” ပြောသည်။

အထူးတားမြစ် စီမံဆောင်ရွက်သွားမည့် အကြောင်းအရာများတွင် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ ဖြစ်သည့် မက်သမ်ဖတမင်း (Methamphetamine) နှင့် ကဖိန်း (Caffeine) တို့ ပေါင်းစပ်အခြေခံထားသည့် ယာဘ (Ya Ba) ဆေးပြား၊ အိုက်(စ်) (Ice) နှင့် ဘိန်းဖြူအပြင် တော်လှန်ရေး၊ လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများဖြစ်သည့် လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတို့ကို တားမြစ်ထားခြင်း ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် ဒေသခံလူငယ်အမျိုးသားတစ်ဦးက “မူးယစ်ဆေးကတော့ အရမ်းကိုပြောချင်တယ်၊ ကျနော့်ထက်ငယ်တဲ့သူတွေတောင် သောက်နေကြပြီ။ လက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ဆေးပေမဲ့ မထိရောက်ဘူးလို့ ထင်တယ်။ ဥပဒေကို အဓိက လူငယ်တွေ၊ ပြည်သူတွေကို မြေပြင်မှာ အသိပေး၊ ကြေညာ ပေးတာသော်လည်းကောင်း၊ လုံးဝကို တားမြစ်သင့်တယ်။ အဓိကတော့ ဒီအရာကိုထုတ်ပြန်ပြီးတော့ တကယ်ကို တရားဥပဒေ စိုးမိုးရေးရှိမှ ပြည်သူတွေက လုံခြုံစိတ်ချရတဲ့ လူမူဘဝနေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုနှင့် သတင်းပေးမှု၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်သည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှမ်းရေး လုပ်ဆောင်ပေးခြင်းကိုလည်း တားမြစ်ထားသည်။

တပ်ဖွဲ့ဝင်များမဟုတ်ဘဲ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှု တားမြစ်ချက်အနေနှင့် မောင်းပြန် (အော်တို)နှင့် ဆီမီး (အော်တို) သေနတ်များကို စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး) ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေသည့် လက်နက်များ၊ မှောင်ခိုနည်းနှင့် ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံတို့ကို တပ်ဖွဲ့ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်တာကိုလည်း တားမြစ်ထားသည်။

“ဒီကရင်နီမှာကလည်း ဒီလက်နက်ကိုင်တွေက အရမ်းများတယ်လေနော။ ဘယ်သူဘယ်ဝါမှန်းလဲ မသိဘူး။ ဒီအပေါ်မှာ သူတို့တားမြစ်ချက်တွေ၊ ထုတ်ပြန်ချက်တွေ ထုတ်လိုက်တော့ ဒါကအရမ်းကောင်းတယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေ၊ အွန်လိုင်းလောင်းကစားတွေပေါ့နော။ မူးယစ်ဆေးဝါးတွေ ၊ အွန်လိုင်းလောင်းကစားတွေကို ပိတ်လိုက်တာကလည်း အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လောင်းကစားတွေကြောင့်ပဲ ပျက်စီးနေတာ တွေလည်း ကျနော်တို့ မြင်နေရတယ်၊ တွေ့နေရတယ်” ဟု ဒီးမော့ဆိုတွင်နေထိုင်သည့် လူငယ်အမျိုးသားတစ်ဦးက ၎င်းရဲ့အမြင်ကို ပြောဆိုသည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြစ်သည့် မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်း (Online Game) ဖြစ်သည့် Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည့် ဂိမ်းများအပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြုပြီးစီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများကိုလည်း တားမြစ်ထားသည်။

“တရားဥပဒေစိုးမိုးရေးစီမံချက်” ကို ကရင်နီပြည် တစ်ပြည်နယ်လုံးအတိုင်းအတာထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စီမံချက်ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ IEC နှင့် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုတို့က တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ ( Task Force ) နှင့် အထူးတပ်ဖွဲ့ ( Special Force) တို့ ဖွဲ့စည်း၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု IEC က ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here