IEC သို့ တစ်နှစ်အတွင်းတိုင်ကြားလာသည့် အမှုပေါင်း ၄၀ ကျော်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အများဆုံးဖြစ်

0
117
ပုံစာ - ကရင်နီစစ်ရှောင်စခန်းတခုမှ အမျိူးသမီးအချို့။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကို ၂၀၂၄ ခုနှစ်အတွင်း တိုင်ကြားလာသောအမှုပေါင်း ၄၀ ကျော်ရှိသည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ဆက်စပ်သည့်အမှု အများဆုံးဖြစ်သည်ဟု IEC ဒုဌာနမှူး မော်သဲမာက ပြောဆိုသည်။

“လာတိုင်ကြားတဲ့အမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လာတိုင်ကြားတာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက မုဒိန်းမှု ဖြစ်တယ်ပေါ့နော။ ကျန်တာကတော့ ကာမလိမ်လည် ရယူတာမျိုးတို့ တခြားသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေတဲ့ အဲ့ဒီလိုအမှုမျိုးတွေက များတယ်ပေါ့နော်။ ဒါကတော့ တစ်နှစ်အတွင်း ကျမတို့ဆီမှာ တိုင်ကြားလာတဲ့ အမှုတွေပေါ့နော်” ဟု မော်သဲမာက ပြောသည်။

IEC ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအနေဖြင့် အဆိုပါအမှုများကို ကရင်နီပြည် ရဲဌာန KSP နှင့် ပူးပေါင်းပြီး ဖြေရှင်းနေသလို တခြားသော အမျိုးသမီးအရေးလှုပ်ရှားနေသော အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြေရှင်းလုပ်ဆောင်နေသည်ဟု မော်သဲမာက ဆက်ပြောသည်။

ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက “ဒီအမျိုးသမီးငယ် အကြမ်းဖက်မှုတွေလဲ ရှိတယ်။ အဲ့လိုမျိုးကျရင် ကျနော်တို့က မြေပြင်မှာ အခြားအမျိုးသမီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ပေါ့နော်။ ပြီးတော့ တခြားနယ်ခံအဖွဲ့တွေနဲ့လဲ ပူပေါင်းတာတွေလဲ ရှိတယ်ပေါ့၊ KNWO တို့ပေါ့နော်။ ဒီ CSOs NGO အကုန် ဒီအမျိုးသမီးတွေနဲ့ အကုန်လုံးချိတ်ဆက်ပြီးတော့ ကျနော်တို့ အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်သည့်အမှုများ များပြားလာ သည်ဟုလည်း အမျိုးသမီးအရေး လှုပ်ရှားသူများထံက သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရန်အတွက် အမျိုးသမီးများအား ကာကွယ်ပေးနိုင်သည့် ဥပဒေများ အမြန်ဆုံးပြန်ဌာန်းနိုင်ရန် လိုအပ်သလို အစိုးရအနေဖြင့်လည်း တရားရေးယန္တရားတွင် တရားဥပဒေစိုးမိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း ဆရာမ မော်သဲမာက ဆက်ပြောသည်။

“ဒါတွေကို ကာကွယ်ဖို့အတွက်က အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးနိုင်ဖို့ လိုတယ်။ နောက်တခုက အစိုးရအနေနဲ့ တရားရေးယန္တရားတွေကို ကောင်းကောင်းလေးလည်ပတ်နိုင်ပြီး တရား ဥပဒေစိုးမိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာလုပ်ပေးနိုင်ဖို့ လိုအပ်တယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်နီပြည်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများထဲမှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၀၁ မှု ရှိပြီး၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၆၅ မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၂၁ မှုနှင့် မုဒိမ်းမှု ၁၄ မှု ရှိသည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ထံက သိရှိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here